သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယား စက်ရုံတွေ ပြန်ဖွင့်ဖို့ မြောက်ကိုရီးယား ပြင်ဆင်


Yongbyon နျူကလီးယား ဓာတ်ပေါင်းဖို တည်ရှိရာ (၂၂ သြဂုတ်လ ၂၀၁၂)
Yongbyon နျူကလီးယား ဓာတ်ပေါင်းဖို တည်ရှိရာ (၂၂ သြဂုတ်လ ၂၀၁၂)
မြောက်ကိုရီးယားက သူရပ်ဆိုင်းထားတဲ့ ပလူတိုနီယမ် နျူကလီးယား ဓာတ်ပေါင်းဖို ကို ပြန်ပြီး လည်ပတ်ဖို့ စလုပ်တော့မှာဖြစ်သလို၊ ယူရေနီယံ သန့်စင်မှုတွေ လုပ်တော့မယ့် အရိပ်အယောင်တွေကိုပါ ပြလာတာမို့ ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း အရင်က တင်းမာနေမှုတွေဟာ ပိုတိုးလာနေပါတယ်။

မြောက်ကိုရီးယား အစိုးရအနေနဲ့ Yongbyon နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြန်ပြင်ပြီး လည်ပတ်ဖို့ စလုပ်မှာဖြစ်သလို ဒါဟာ လက်နက်ထုတ်လုပ်ဖို့ရော နိုင်ငံတွင်း လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကိစ္စပါ ပါတယ်လို့ အစိုးရအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA အစိုးရ သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

ဒီလုပ်ဆောင်မှုတွေထဲမှာ ယူရေနီယံ သန့်စင်စက်ရုံနဲ့ ၅ မီဂါဝပ် ဓာတ်ပေါင်းဖို လည်ပတ်ဖို့ ပါဝင်ပြီး ဒီကနေတဆင့် လောင်စာချောင်းတွေနဲ့ လက်နက်အဆင့်သုံး ပလူတိုနီယံ ထုတ်ဖို့အထိ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒီနျူကလီယား ဓာတ်ပေါင်းဖိုကို နိုင်ငံတကာက စီးပွားရေး အကူအညီပြန်ပေးဖို့ သဘောတူညီချက်နဲ့ ၂၀၀၇ ခုနှစ်ထဲမှာ ပိတ်ထားခဲ့တာပါ။

မြောက်ကိုရီးယား နိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြဿနာ ဖြစ်နေတဲ့ အနေအထားမှာ ရောက်နေသလို၊ လက်ရှိ ပြဿနာဟာလည်း တရားလွန်နေပြီလို့ ကုလသမဂ္ဂက အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားကို ဘယ်သူကမှ တိုက်ခိုက်ချင်စိတ်မရှိကြဘဲ ဒီပြဿနာတွေ အတွက် ညှိနှိုင်းဖြေရှင်းရေးကသာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုတွေနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂက ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ခဲ့တဲ့အပေါ် အမျက်ထွက်နေတဲ့ မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်မှုတွေ လုပ်နေတာ သီတင်းပတ်နဲ့ ချီနေပြီ ဖြစ်ပါတယ်။

မကြာခင်ရက်တွေ အတွင်းမှာလည်း မြောက်ကိုရီးယား နိုင်ငံအတွက် အရေးကြီး ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတွေထဲမှာ နျူကလီးယား လက်နက်ထုတ်ဖို့ပါ ပါဝင်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG