သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား န ျူကလီးယားစမ်းသပ်မှု ရုရှားပြစ်တင်ရှုတ်ချ


မြောက်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ် အနုမြူဗုံးစမ်းသပ်မှုအပေါ် ပြစ်တင်ရှုတ်ချရာမှာ ရုရှားနိုင်ငံလည်း ပါဝင်လာပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး အစီအစဉ်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူတာဟာ အဖြေမဟုတ်တဲ့အကြောင်း ရုရှားနိုင်ငံက Vladivostok ဆိပ်ကမ်းမြို့မှာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ တွေ့ဆုံအပြီး ဒီကနေ့မှုာပဲ ရုရှားသမ္မတက ပြောဆိုခဲ့သလို၊ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လည်း တောင်းဆိုခဲ့တာပါ။

စိတ်ခံစားချက်တွေကို ရှေ့တန်းတင်ပြီး မြောက်ကိုရီးယားကို အကျပ်ဆိုက်အောင် မလုပ်မိစေဖို့၊ တင်းမာမှုတွေ ကြီးထွားမလာစေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတကတော့ မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေချမှတ်ရာမှာ ရုရှားက အားပေးထောက်ခံဖို့ တိုက်တွန်းနေတာပါ။ မြောက်ကိုရီးယားရဲ့ အဓိကကုန်သွယ်ဖက်တွေဖြစ်ကြတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကတော့ ဒဏ်ခတ်မှုတွေ တိုးမြှင့်တာဟာ ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေကို လျှော့ချနိုင်မှာမဟုတ်ကြောင်း ပြောဆိုထားကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးဟာ ဒီကနေ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာဖြစ်ကြောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် ပြောဆိုမှုတွေကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ဦးတည်စေနိုင်ကြောင်လည်း သတိပေး ပြောဆိုလိုက်ပါတယ်။ ပြဿနာကို နိုင်ငံရေးအရ အဖြေရှာဖို့နဲ့ စစ်ရေးအရ ဖြေရှင်းတာဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရနိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားကတော့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားစွမ်းရည်အပြင်၊ အနုမြူဗုံးနဲ့ ပိုမိုအင်အားပြင်းတဲ့ ဟိုက်ဒြိုဂျင်ဗုံးကို အပြည့်အ၀ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ နောက်ဆုံးအကြိမ် စမ်းသပ်မှုတွေလုပ်ခဲ့အပြီး ၂ ရက်အကြာ မနေ့တုန်းကပဲ ကြေညာထားပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ မြောက်ကိုရီးယားအရေး ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ဒီသီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဖြန့်ဝေထားပြီး၊ ရှေ့လာမယ့် တနင်္လာနေ့လောက်မှာ မဲခွဲနိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

XS
SM
MD
LG