မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ် ရော့ကတ်ဒုံးပျံတစင်းကို အခုလ နှောင်းပိုင်းမှာ ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေညာပါတယ်။ အခု အစီအစဉ်ဟာ အာကာသ စူးစမ်းလေ့လာနိုင်မယ့် ဂြိုလ်တုတလုံးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နဲ့ ၂၂ ရက်နေ့ကြားမှာ ဂြိုလ်ပတ်လမ်းကြာင်းထဲကို ပစ်လွှတ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ကိုရီးယားအာကာသနဲ့ နည်းပညာဌာနက ထုတ်ပြန်ထားကြောင်းကို ကိုရီးယား ဗဟိုသတင်းဌာန Korean Central News Agency က စနေနေ့မှာ ကြေညာပါတယ်။
ဧပြီလတုန်းက မအောင်မြင်ဘဲ ဖြစ်သွားရတဲ့ ဂြိုလ်တုပစ်လွှတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ချို့ယွင်းချက်ကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီးတဲ့နောက် အခုလွှတ်တင်မယ့် စူးစမ်းလေ့လာရေး ဂြိုလ်တုမှာ ပြုပြင် ပြင်ဆင် ထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဂြိုလ်တုကနေ ရိုက်ကူးတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်တဲ့ DigitalGlobe ကုမ္ပဏီက မြောက်ကိုရီးယား နိုင်ငံ အနောက်ဘက် ပင်လယ်ရှိရာ Sohae ဂြိုတုပစ်လွှတ်တဲ့ စခန်းမှာ လူတွေ ပိုမို လှုပ်ရှား သွားလာနေတာ၊ စက်ပစ္စည်းတင်တဲ့ ယာဉ်တွေ ပိုပြီး လှုပ်ရှား သွားလာနေတဲ့ ပုံတွေကို ပြီးခဲ့တဲ့ လကုန်ပိုင်းက ထုတ်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားက မကြာခင် တာဝေးပစ် ဒုံးပျံ ပစ်လွှတ်ဖို့ စီစဉ်နေတယ်လို့ DigitalGlobe ကုမ္ပဏီက ပြောပါတယ်။