သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ပင်လယ်ထဲ မြောက်ကိုရီယား ဒုံးကျည်စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားက အမျိုးအမည် မသိတဲ့ ပဲ့ထိန်းတပ် ဒုံးကျည် တစင်း တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဂျပန် ပင်လယ်ထဲကို ပစ်ခတ်ခဲ့ပါတယ်။

ဒုံးကျည် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား အစိုးရက ကြေညာချက် မထုတ်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတို့ကတော့ ဂျပန်နိုင်ငံတွင်းက ပစ်မှတ်တွေကို ရောက်နိုင်စွမ်းရှိတဲ့ တာလတ်ပစ် ဒုံးကျည် တစင်း စမ်းသပ် ပစ်လွတ်ပုံရတယ်လို့ ပြောဆိုကြပါတယ်။

ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းခြေအထိ ရောက်နိုင်စွမ်းရှိတဲ့ တားဝေးပစ် ပဲ့ထိန်းတပ် ဒုံးကျည်ကို မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့လည်း သူတို့က ထပ်လောင်း ပြောပါတယ်။ မြောက်ကိုရီးယားတို့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ချိန် အမေရိကန် စံတော်ချိန် စနေနေ့ နှောင်းပိုင်းမှာ အမေရိကန် သမ္မတ Donald Trump နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့က အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ ညစာ စားနေကြတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ ဒုံးကျည် စမ်းသပ်မှုကို သိရှိထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားတို့ ပြီးခဲ့တဲ့ အောက်တိုဘာလက စမ်းသပ်ခဲ့တဲ့ အင်အားပြင်း မူဆူဒန် ဒုံးကျည်တွေ နှစ်ကြိမ်တိုင်တိုင် စမ်းသပ်ခဲ့တဲ့ Banghyeon က စစ်အခြေစိုက် စခန်းတခုကနေ စမ်းသပ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ် အရာရှိတို့က ပြောပါတယ်။

ဂျပန် ပင်လယ်ပြင်တွင်းကို မြောက်ကိုရီးယားတို့က ပဲ့ထိန်းတပ် ဒုံးကျည် တစင်း ပစ်လွှတ်ခဲ့တာဟာ လုံး၀ သည်းခံနိုင်စရာ မရှိဘူးလို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ Trump ရဲ့ ဖလော်ရီဒါက Mar-a-Lago အပန်းဖြေ အိမ်ယာမှာ အမေရိကန်နဲ့ ဂျပန် ခေါင်းဆောင်တို့ အရေးပေါ် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန် ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Trump ကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ ကြီးမြတ်တဲ့ မဟာမိတ် ဂျပန်နိုင်ငံဘက်ကနေ ရာနှုန်းမြင့် ထောက်ခံ ရပ်တည်တယ်ဆိုတာကို အားလုံးကို အသိပေးချင်ပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG