သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံး ဂျပန်ပင်လယ်တွင်း ပစ်ခတ်မှု ဂျပန်ရှုတ်ချ


မြောက်ကိုရီးယား ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး
မြောက်ကိုရီးယား ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး

မြောက်ကိုရီးယားက ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၃ ခုကို ဂျပန်ပင်လယ်ပြင်ထဲ ဒီကနေ့ပဲ ပစ်ခတ်ခဲ့တဲ့အတွက် ဂျပန်အစိုးရက ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ပစ်ခတ်မှုဟာ ဂျပန်နိုင်ငံအပေါ် ရန်လိုတဲ့ လုပ်ရပ်အဖြစ်နဲ့ သာမက တရုတ်နိုင်ငံ ဟန်ဂျိုးမြို့မှာ G-20 ထိပ်သီး အစည်းအဝေးပွဲတွေ ကျင်းပနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့တာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ရန်လိုတဲ့ လုပ်ရပ်ဖြစ်တဲ့ အကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ပြောဆိုသွားတာပါ။

မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးတွေကို အရှေ့ဘက်ကမ်းရိုးတန်းဒေသ Hwanghae ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ကီလိုမီတာ တထောင်လောက်အထိ ရောက်နိုင်တဲ့ Rodong အမျိုးအစား မစ်ဇိုင်းဒုံးတွေ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။ ကိုရီးယားမှာ အရှေ့ပင်လယ်လို့ ခေါ်ကြတဲ့၊ ဂျပန်ရေပိုင်နက်ထဲက စီးပွားရေး အထူးဇုန်နယ်မြေအတွင်းကို မစ်ဇိုင်းဒုံးတွေ ကျရောက်ခဲ့တယ်လို့လည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။

မစ်ဇိုင်းဒုံးတွေ မပစ်ခင် နာရီပိုင်းအလိုမှာပဲ စက်မှုထွန်းကားတဲ့ နိုင်ငံ ၂၀ (G-20) ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye ဟာ တရုတ်သမ္မတ Xi Jinping နဲ့သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ အပါအဝင် မြောက်ကိုရီးယားက ရန်လိုတဲ့ လုပ်ရပ်တွေ ဆက်တိုက်ဆိုသလို လုပ်လာတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို အကြီးအကျယ် ထိခိုက်စေသလို၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်နေတဲ့အကြောင်း တောင်ကိုရီးယားသမ္မတက တရုတ်သမ္မတကို တွေ့ဆုံချိန်မှာ သတိပေးခဲ့တယ်လို့လည်း Yonhap သတင်းက ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်က ဆောက်လုပ်ပေးထားတဲ့ THAAD လို့ အတိုကောက်ခေါ်တဲ့ ဒုံးခွင်းဒုံးစနစ်တရပ် တောင်ကိုရီးယားနိုင်ငံမှာ ချထားတဲ့ အစီအစဉ်ကို လက်မခံကြောင်း တရုတ်သမ္မတက တောင်ကိုရီးယားသမ္မတကို ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG