သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုထပ်တိုးဖို့ ဆွေးနွေး


မြောက်ကိုရီးယားနိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်သွားဖို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ အထူးကိုယ်စားလှယ်တွေ ဒီကနေ့ ကတိပြုလိုက်ကြပါတယ်။

ဒီအထဲမှာ နျူကလီးယားလုပ်ငန်းတွေ အတွက် ငွေကြေးရှာဖွေပေးနေတဲ့ မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေး တင်ပို့ရောင်းချမှုတွေကို ပိတ်ဆို့ဒဏ်ခတ်ဖို့ ပါဝင်ပါတယ်။

ဒီလို ဒဏ်ခတ်အရေးယူမှုတွေ ဘယ်လောက်အထိ အလုပ်ဖြစ်မဖြစ် အချိန်ပြည့် ကြီးကြပ်စောင့်ကြည့်ပြီး အချက်အလက်တွေ မျှဝေသုံးစွဲနိုင်မယ့် စနစ်တခု ချမှတ်သွားဖို့ကိုလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ အထူးကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် သဘောတူခဲ့ကြပါတယ်။

ဒီနှစ်အတွင်း မြောက်ကိုရီးယားက နျူးကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံ အတွက် အဓိက နိုင်ငံခြားဝင်ငွေ အရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေး တင်ပို့ရောင်းချမှုတွေကို ကန့်သတ်ပြီး ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သိပ်မကြာခင်ကပဲ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။ ဒီဒဏ်ခတ်အရေးယူမှုတွေရဲ့ ထိရောက်မှုအတိုင်းအတာကတော့ မြောက်ကိုရီးယားရဲ့ အရေးပါဆုံး မဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယားက ကျောက်မီးသွေးတွေကို အဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒီနှစ်ကုန်အထိ မြောက်ကိုရီးယားကနေ ကျောက်မီးသွေးဝယ်ယူမှုတွေ ရပ်တန့်ထားမယ်လို့ တရုတ်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ကြေညာခဲ့တာကတော့ အားတက်စရာ အခြေအနေ ဖြစ်တယ်လို့ မြောက်ကိုရီးယားမူဝါဒရေးရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Joseph Yun က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG