သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဆက်သွယ်ရေးဂြိုလ်တု ဒီလ ပစ်လွှတ်မည်


မြောက်ကိုရီးယားနိုင်ငံက အခုလကုန်ပိုင်းမှာ ကမ္ဘာမြေလေ့လာရေး ဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ပင်လယ်ရေကြောင်းအဖွဲ့ IMO ကို အသိပေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစီစဉ်ကြောင့် မြောက်ကိုရီးယားအနေနဲ့ အဆင့်မြင့် တာဝေးပစ်ဒုံးကျည် တည်ဆောက်နိုင်ဖို့ စီစဉ်နေတယ်ဆိုပြီး အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြား ရှိနေတဲ့ စိုးရိမ်မှုတွေလည်း ကြီးထွားလာခဲ့ပါတယ်။

အဲဒီလို ဆက်သွယ်ရေးဂြိုလ်တု ပစ်လွတ်တာဟာ မြောက်ကိုရီးယားအနေနဲ့ လိုက်နာရမယ့် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို အလွန်အကျွံ ချိုးဖောက်လိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ပြောပါတယ်။

“မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်ကြောင့် ပိုမို ပြင်းထန်ပြီး ပြီးပြည့်စုံတဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ချနိုင်ရေးအတွက် လုံခြုံရေးကောင်စီအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေသလို ချမှတ်ပြီးသား ပိတ်ဆို့အရေးယူမှုတွေ လိုက်နာအောင်လည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်သင့်တဲ့အကြောင်း၊ မြောက်ကိုရီးယားရဲ့ ဒီနောက်ဆုံး ကြေညာချက် ထုတ်ပြန်လိုက်တာဟာ သူတို့လိုက်နာရမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မျက်ကွယ်ပြုတာကို နိုင်ငံတကာ အသိုင်းဝိုင်းက လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ တိကျခိုင်မာတဲ့ သတင်းစကား ပါးသင့်တယ်ဆိုတာကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်လို့ ပြောသွားတာပါ။”

မြောက်ကိုရီးယားက ဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်မယ့်ရက်၊ အချိန်နဲ့ ဘယ်နေရာကို ပျက်ကျမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကုလသမဂ္ဂထံ အင်္ဂါနေ့က ပေးပို့ခဲ့တယ်လို့ IMO အဖွဲ့ရဲ့ မီဒီယာနဲ့ ဆက်သွယ်ရေးအရာရှိ Natasha Brown က ပြောပါတယ်။ Kwangmyongsong ကမ္ဘာပတ် လေ့လာရေး ဆက်သွယ်ရေး ဂြိုလ်တုကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၂၅ ရက်အကြား ပစ်လွှတ်မယ်လို့ မြောက်ကိုရီးယားက သူတို့ထံ အကြောင်းကြားထားကြောင်း Natasha Brown က ဗွီအိုအေကို အတည်ပြု ပြောကြားပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်မယ့် ဆက်သွယ်ရေးဂြိုလ်တုကို တင်ဆောင်လာတဲ့ ဒုံးကျည်ဟာ ကမ္ဘာမြေကို အဆင့် ၃ ဆင့်ခွဲပြီး ပြုတ်ကျလာမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ အနောက်ဘက် ကမ်းခြေဒေသနဲ့ ဖိလစ်ပိုင်နိုင်ငံ ကမ်းခြေတို့ကို ကျမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ နောက်ထပ် အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာ ကြေးနန်းဆက်သွယ်ရေး သမဂ္ဂကလည်း မြောက်ကိုရီးယားက ဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်မယ့်အကြောင်း သူတို့ထံ အကြောင်းကြားခဲ့တယ်လို့ အင်္ဂါနေ့က ပြောပါတယ်။ ဒီဆက်သွယ်ရေးဂြိုလ်တုဟာ သက်တမ်းအားဖြင့် ၄ နှစ်ရှိမှာဖြစ်ပြီး အီကွေတာပေါ်မှာ မကျတဲ့ ကမ္ဘာပတ်လမ်းကြောင်းပေါ်ကို လွှတ်တင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG