မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အပေးအယူ ညှိနှိုင်းဖို့မဟုတ်ဘဲ၊ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဒီကနေ့ စနေနေ့မှာဘဲ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ကြေငြာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba တို့ သောကြာနေ့တုန်းက တွေ့ဆုံစဉ် မြောက်ကိုရီးယား Nuclear အစီအစဉ် အဆုံးသပ်ရေး လုပ်ဆောင်သွားဖို့ ကတိပြုခဲ့ကြတဲ့အပေါ် အခုလို မြောက်ကိုရီးယားဘက်က တုံ့ပြန်တာပါ။
မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA ကတော့ ဂျပန်နဲ့ အမေရိကန်ခေါင်းဆောင်တို့ တွေ့ဆုံမှုကို ဖေါ်ပြခြင်းမရှိဘဲ၊ NATO နဲ့ EU ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက မြောက်ကိုရီးယားရဲ့ Nuclear အစီအစဉ်ကို လုံးဝအဆုံးသတ်ရေး တောင်းဆိုတာကို ရည်ညွှန်းခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အသိမှတ်ပြုခံရဖို့ ဟန်ပြလုပ်နေတာ မဟုတ်သလို၊ ငွေကြေးနဲ့ လဲလှယ်ဖို့အတွက်လည်း မဟုတ်ဘူးလို့ KCNA သတင်းဌာနက ဖေါ်ပြပါတယ်။
သမ္မတထရန့်ဟာ သူ့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အဆင်ပြေတဲ့ ဆက်ဆံရေး ရှိသလို၊ မြောက်ကိုရီးယားနဲ့ ပြန်လည်ဆက်ဆံသွားမယ်လို့ သောကြာနေ့က ဂျပန်ဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပြီး၊ ခေါင်းဆောင်နှစ်ဦး ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာလည်း မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ Nuclear အစီစဉ်တွေကို လုံးဝရပ်ဆိုင်းသည်အထိ လုပ်ဆောင်ဖို့ကို ထပ်မံအတည်ပြု ဖေါ်ပြခဲ့ကြပါတယ်။
Forum