သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကုန်တင်သင်္ဘော ဖိလစ်ပိုင်ဖမ်းဆီး


မြောက်ကိုရီးယား နိုင်ငံ Rajin ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကုန်သင်္ဘောတစ်စင်းကို တွေ့ရစဉ်။ ဓါတ်ပုံ (REUTERS/Yuri Maltsev)
မြောက်ကိုရီးယား နိုင်ငံ Rajin ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကုန်သင်္ဘောတစ်စင်းကို တွေ့ရစဉ်။ ဓါတ်ပုံ (REUTERS/Yuri Maltsev)

ဖိလစ်ပိုင်ဆိပ်ကမ်းတခုမှာ ဆိုက်ကပ် ထားတဲ့ မြောက်ကိုရီယား ကုန်တင်သင်္ဘောတစင်းကို ပြန်ထွက်ခွင့်မပေးပဲ ဖမ်းဆီးထားတယ်လို့ ဖိလစ်ပိုင် အစိုးရက ကြေညာပါတယ်။ နိုင်ငံရပ်ခြား ဆိပ်ကမ်းတွေမှာ မြောက်ကိုရီယား သင်္ဘောအားလုံး စစ်ဆေးမှုခံယူဖို့ လိုအပ်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တရပ် ဒီ ထွက်လာပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံက အခုလို အရေးယူဆောင်ရွက်လိုက်တာပါ။

ဖီလစ်ပိုင်နိုင်ငံက အရင်အမေရိကန် စစ်စခန်းဟောင်းဖြစ်ခဲ့တဲ့ Subic Bay ဆိပ်ကမ်းမှာ ကြာသာပတေးနေ့တုန်းက ဆိုက်ကပ်လာတဲ့ MV Jin Teng သင်္ဘောပေါ်မှာ အခြားသံသယဖြစ်စရာ ကုန်ပစ္စည်းတွေ မတွေ့ရ ပေမယ့်လို့၊ ဘေးကင်းလုံခြုံမှု ဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်မှုတွေ ရှိနေတာကြောင့် သင်္ဘောကို ပြန်ထွက်ခွင့်မပေးခဲ့တာလို့ စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

သင်္ဘောဟာ အင်ဒိုနီးရှားဆိပ်ကမ်းတခုကနေ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာပြီး၊ အဲဒီနောက် တရုတ်ပြည်ဖက် ထွက်ခွာဖို့ ရှိနေတာပါ။ ဒါပေမယ့် သင်္ဘောကို ပြန်ထွက်ခွင့်မပေးပဲ သင်္ဘောပါလာတဲ့ သင်္ဘောသား တွေကိုလည်း နေရပ်ပြန်ပို့မယ်လို့ ဖိလစ်ပိုင် သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။

မြောက်ကိုရီယားနဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ အရေးယူမှုတွေ ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သစ် ထွက်လာပြီးတဲ့နောက်၊ မြောက်ကိုရီယားနိုင်ငံရဲ့ ကုန်သွယ်မှုအပေါ် သက်ရောက် ထိခိုက်စေတဲ့ ပထမဆုံးဖြစ်ရပ်လို့ ပြောရမှာပါ။

ဒီ ဆုံးဖြတ်ချက်အရဆိုရင် နိုင်ငံခြားတိုင်းပြည်တွေကို လေကြောင်းကဖြစ်စေ ပင်လယ် ရေကြောင်းကဖြစ်စေ ဝင်ရောက်မယ့် မြောက်ကိုရီးယား ကုန်ပစ္စည်းတွေ အားလုံးဟာ အစစ်ဆေး ခံရမှာဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံတွေနဲ့ မြောက်ကိုရီယား လက်နက်ပစ္စည်းကုန်သွယ်မှုတွေကို တားမြစ်ထားပါတယ်။

XS
SM
MD
LG