သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သီးသန့်ဆွေးနွေးဖို့ တောင်ကိုရီးယားသမ္မတ ကမ်းလှမ်း


တောင်ကိုရီးယားသမ္မတ Moon Jae-in
တောင်ကိုရီးယားသမ္မတ Moon Jae-in

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တယောက်ချင်းတွေ့ဆုံဖို့ ဆန္ဒရှိကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae-in က ဒီကနေ့ပဲ ပြောဆိုလိုက်ပေမဲ့၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလကစလို့ ပထမဆုံးအကြိမ်အဖြစ် ၂ နိုင်ငံ သံတမန်တွေ တရားဝင်တွေ့ဆုံခဲ့ကြပြီး နောက်တရက်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ တောင်ကိုရီးယား ခေါင်းဆောင်က ကမ်းလှမ်းလိုက်တာပါ။ ၂ နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးတွေ့ဆုံမှုဟာ တွေ့ဆုံရုံသက်သက်ထက် အဓိပ္ပါယ်ရှိဖို့ လိုအပ်ကြောင်းလည်း တောင်ကိုရီးယား သမ္မတက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ မတွေ့ဆုံခင် အောင်မြင်မှု အတိုင်းအတာ တစုံတရာရရှိအောင် အာမခံချက်ရရှိဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ၂ နိုင်ငံကြား စစ်မဲ့ဇုန် ဒေသက Panmunjom ကျေးရွာမှာ မနေ့တုန်းက သံတမန်တွေရဲ့ တွေ့ဆုံမှု အတွင်းမှာတော့ တောင်ကိုရီးယားနိုင်ငံ Pyeongchang မြို့မှာ ရှေ့လထဲ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲမှာ မြောက်ကိုရီးယားက အားကစားသမားတွေ စေလွှတ်ဖို့ လက်ခံခဲ့ပါတယ်။ စစ်ရေးအရ တင်းမာမှုတွေ လျှော့ချနိုင်ဖို့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ ကျင်းပရေးအတွက်လည်း ၂ ဘက်အကြား သဘောတူခဲ့ကြတာပါ။

တောင်နဲ့မြောက် ကိုရီးယား ၂ ခြမ်းကွဲခဲ့ရတဲ့ ၁၉၅၀ ပြည့်ကနေ ၁၉၅၃ ခုနှစ် ကိုရီးယားပြည်တွင်းစစ်အတွင်း ကွဲကွာသွားခဲ့ကြတဲ့ မိသားစုတွေ အိုလံပစ်အားကစားပွဲတွေ ကျင်းပနေချိန် ရှေ့လထဲမှာပဲ ကျရောက်မယ့် ရိုးရာနှစ်သစ်ကူးပွဲတော် ကာလမှာ ပြန်လည်ဆုံဆည်းနိုင်ရေး တောင်ကိုရီးယားက ကမ်းလှမ်းခဲ့ပါတယ်။ ၂ နိုင်ငံကြား တွေ့ဆုံဖြစ်ခဲ့တဲ့အတွက် အမေရိကန် သမ္မတ Donald Trump ကို အမှတ်ပေးသင့်ကြောင်းလည်း တောင်ကိုရီးယား သမ္မတက မနေ့တုန်းကပဲ ကျေးဇူးတင်စကား ပြောဆိုခဲ့တာပါ။ အမေရိကန်က ဦးဆောင်ပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ ဆက်လက်ဖိအားပေးမှုတွေကြောင့် မြောက်ကိုရီးယားဟာ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ပြန်ရောက်လာပုံ ရကြောင်းလည်း တောင်ကိုရီးယား သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG