သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ကို ဖြိုခွင်းဖို့ တောင်ပိုင်း အသင့်ပြင်


တောင်ကိုရီးယားဘက်ကက ဒုံးခွင်းဒုံးတွေ အသင့်ပြင်ထားစဉ်။
တောင်ကိုရီးယားဘက်ကက ဒုံးခွင်းဒုံးတွေ အသင့်ပြင်ထားစဉ်။
မြောက်ကိုရီးယား နိုင်ငံက ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ အချိန်မရွေး လုပ်လာနိုင်တာမို့ အမေရိကန်နဲ့ တောင်ကိုရီးယား က သူတို့ရဲ့တပ်တွေကို အမြင့်ဆုံးအဆင့် သတိအနေအထားနဲ့ ဆက်ပြီး တပ်လှန့်ထားနေချိန် မှာပဲ မြောက်ကိုရီးယားက စစ်ရေးခြိမ်းခြောက်မှုတွေ ကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။

ဘယ်နေရာကို တိုက်ခိုက်မယ် ဆိုတာကို အတိအကျ မပြောပေမယ့် ရန်သူတွေ မီးပင်လယ်ဝေသွားအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ လုပ်နေပြီ လို့ မြောက်ကိုရီးယားက ကြာသပတေးနေ့ မှာ ပြောဆို လိုက်ပါတယ်။ တောင်ကိုရီးယား နဲ့ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူ ဆောင်ရွက်နေတဲ့ စစ်တပ် မဟုတ်တဲ့ မြောက်ကိုရီးယား အဖွဲ့အစည်း တခုက ကြေငြာချက်ထုတ်ပြန်ပြီး အခုလိုပြောဆိုလိုက်တာပါ။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြောက်ကိုရီးယား ဘက်က စမ်းသပ်ပစ်လွှတ်မှုတွေကို ရင်ဆိုင်ဖို့ သေသေချာချာ ပြင်ဆင်ထားတယ်လို့ ကြာသပတေးနေ့မှာပဲ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား ဘက်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့ရင် ကြားဖြတ် ပစ်ခတ် ဖျက်ဆီး ပစ်ဖို့ တောင်ကိုရီးယား စစ်တပ်က အဆင်သင့်ပဲလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Kim Min- seok ကပြောပါတယ်။

မြောက်ကိုရီးယား ရဲ့ ဖခင်ကြီး Kim Il Sung ရဲ့ မွေးနေ့ဖြစ်တဲ့ တနင်္လာနေ့ မတိုင်ခင်မှာ မြောက်ကိုရီးယား ဘက်က စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်လာနိုင်တယ်လို့လည်း ကင်မ်မင်ဆုတ် က ပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်တွေကို အသင့်ပုံစံ တိုးမြှှုင့် ပြင်ဆင်ခဲ့တယ် လို့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိ တဦးရဲ့ ပြောကြားချက် ကို ကိုးကားပြီး ဂျပန်နိုင်ငံ ကျိုတို သတင်းက ရေးသားချက် နဲ့ ပါတ်သက်ပြီး မှတ်ချက် တစုံတရာပေးဖို့တော့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ငြင်းဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရက ဒေသတွင်းမှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို ပစ်ခတ်နိုင်ကြောင်း ပြသတဲ့ အနေနဲ့ နောက်ထပ်တာလတ်ပစ် ဒုံးကျည်တွေကို သူ့ရဲ့ အရှေ့ဘက် ကမ်းခြေကို ရွှေ့ပြောင်း ခဲ့တယ်လို့လည်း ခန့်မှန်းကြပါတယ်။
XS
SM
MD
LG