လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပွဲခေါ်
မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒြိုဂျင်ဗုံး အောင်အောင်မြင်မြင် စမ်းသပ်ဖောက်ခွဲလိုက်တယ်ဆိုတဲ့ မနေ့က ကြေညာချက်အပေါ် အမေရိကန်ပြည်ထောင်စုက သတိထားပြီး စောင့်ကြည့်နေပါတယ်။ အစပျိုး စမ်းစစ်ချက်တွေအရ မြောက်ကိုရီးယားဘက်က ကြေညာချက်ဟာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ဆိုပြီး သံသယရှိတဲ့အကြောင်း ပြောဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ ဆက်စပ်ပြီး မနေ့က လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သလို ဒေသတွင်း မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန်ပြည်ထောင်စုဘက်က ထပ်မံ ကတိပေး ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကို ကိုသိန်းထိုက်ဦး စုစည်း တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတို့ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယားအပေါ် ဘယ်လို အရေးယူ တုံ့ပြန်မလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံဌာနကတော့ အခုစမ်းသပ်မှုဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ဖို့ရာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးနဲ့ဆိုင်တဲ့ စမ်းသပ်မှု တခု ဖြစ်တယ်လို့ ကြေညာပါတယ်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကတော့ အစပျိုး စမ်းစစ်ချက်တွေအရ မြောက်ကိုရီးယားဘက်က ကြေညာချက်ဟာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
“သီးခြားလွတ်လပ်တဲ့ လေ့လာစမ်းစစ်မှုတွေကို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေမှာ အကြီးအကျယ် လုပ်ကိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က ပြောဆိုချက်တွေအပေါ်မှာ ထူးထူးခြားခြား သံသယဖြစ်စရာ၊ နားလည်လက်ခံလောက်စရာ၊ အနေအထားတွေကို တွေ့နေရတယ်လို့ သုံးသပ်တာပါ။ ရရှိထားတဲ့ အချက်အလက်နဲ့ သက်သေအထောက်အထားတွေကို အခြေခံပြီး စောင့်ကြည့်ပြီး ရလာတဲ့ အခု အစပျိုး သုံးသပ်ချက်တွေက မြောက်ကိုရီးယားဘက်က သူတို့ ဟိုက်ဒြိုဂျင်ဗုံး အောင်အောင်မြင်မြင် စမ်းသပ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်။”
မြောက်ကိုရီးယားရဲ့ကျုးကျော်ရန်စတဲ့ လုပ်ရပ်ကို နိုင်ငံတကာနဲ့ လက်တွဲ ရင်ဆိုင်သွားမှာဖြစ်သလို ဒေသတွင်း မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန်ပြည်ထောင်စုက ကတိပေးထားပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က အခုလို ပြောပါတယ်။
“လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာကို ကျနော်တို့ အပြင်းအထန် ဆန့်ကျင်ပြီး မြောက်ကိုရီးယားဘက်က နိုင်ငံတကာကို ပေးထားတဲ့ ကတိကဝတ်တွေကို စောင့်ထိန်းဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ မြောက်ကိုရီးယားကို နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ တိုင်းပြည်တခု ဖြစ်တာ ကျနော်တို့ လက်မခံဘူးဆိုတာ အစဉ်တစိုက် ပြောခဲ့ပြီးဖြစ်ပါတယ်။ ညကတည်းက ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့ တလျှောက်လုံး ဆက်သွယ်ပြီး ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun နဲ့ ဒီကနေ့ တယ်လီဖုန်း ဆက်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ကျုးကျော်ရန်စတဲ့ လုပ်ရပ်ကို နိုင်ငံတကာနဲ့ လက်တွဲ တုံ့ပြန်သွားမယ့်အကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ တောင်ကိုရီးယားရဲ့ လုံခြုံရေးကို အစွမ်းကုန် တိုးမြှင့်ဆောင်ရွက်သွားမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီး John Kerry က ထပ်လောင်း အာမခံခဲ့ပါတယ်။”
နိုင်ငံခြားရေးဝန်ကြီး John Kerry အနေနဲ့ ဂျပန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေကိုလည်း ဖုန်းခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားတဲ့အကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောဆိုသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ အခုလို ကြေညာချက် ထုတ်ပြန်ပါတယ်။
“ဇန်နဝါရီ ၆ ရက်နေ့၊ နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှု လုပ်လိုက်တယ်ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကြေညာချက်ဟာ အကြီးအကျယ် ပြဿနာရှိတဲ့ လုပ်ရပ်တခုပါ။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုထားတဲ့ ဒီလို စမ်းသပ်မှုတွေ မလုပ်ဖို့ တောင်းဆိုချက်ကို ဆန့်ကျင်လိုက်တာဖြစ်ပြီး၊ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်သလို ဒေသတွင်း လုံခြုံရေးကိုလည်း ထိခိုက်စေပါတယ်။ နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် ကျနော့်အနေနဲ့ ရှုတ်ချပြစ်တင်ပါတယ်။”
မြောက်ကိုရီးယားဘက်က နျူကလီးယား စမ်းသပ်တယ်ဆိုတဲ့ သတင်းထွက်လာတယ်ဆိုရင်ပဲ ဒီကိစ္စကို ဒေသတွင်း အဓိက နိုင်ငံတွေနဲ့ လက်တွဲ အရေးယူ အပြစ်ပေးသွားမယ့်အကြောင်း တောင်ကိုရီးယား သမ္မတ Park Geun-hye ကလည်း ပြောဆိုခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလည်း ကုလသမဂ္ဂဘက်က ပိုပြီး ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်နိုင်အောင် တွန်းအားပေးသွားတာ အပါအဝင် ခိုင်ခိုင်မာမာ တုံ့ပြန်သွားမယ်လို့ အခုလို ပြောဆိုပါတယ်။
“မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုဟာ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ဒီကိစ္စကို ကျနော်တို့အနေနဲ့ လုံး၀ သည်းမခံနိုင်ပါဘူး။ ဒါကို အပြင်းအထန် ရှုတ်ချပါတယ်” - လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောဆိုသွားတာပါ။
မြောက်ကိုရီးယားဘက်က နျူကလီးယား စမ်းသပ်မှုကို ဒီတပတ်ထဲမှာ ဘာကြောင့် လုပ်တယ်ဆိုတာကိုတော့ အကြောင်းပြချက် မပေးပါဘူး။ ဇန်နဝါရီလ ၈ ရက်နေ့ကတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ မွေးနေ့ဆိုပြီး အခမ်းအနားတွေ ကျင်းပလေ့ ရှိကြောင်းပါတယ်။