သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားတွေ တောင်ကိုရီးယားကထွက်ဖို့ မြောက်ကိုရီးယား သတိပေး


တောင်ကိုရီးယားနိုင်ငံနဲ့ စစ်မက် ဖြစ်ပွားနိုင်ချေ ရှိတဲ့အတွက် ရှောင်ရှားနိုင် ဖို့ နိုင်ငံခြားသားတွေ တောင်ကိုရီးယား နိုင်ငံကနေ ထွက်ခွာကြဖို့ မြောက်ကိုရီးယားနိုင်ငံက နှိုးဆော်လိုက်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ၊ တောင်ကိုရီးယားနိုင်ငံမှာ စီးပွားရေး လာရောက် လုပ်ကိုင်နေသူတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံစိတ်ချဖို့အတွက် ဆိုးလ်မြို့နဲ့ တောင်ကိုရီးယား နိုင်ငံကနေ ပြောင်းရွှေ့ ကြဖို့ မြောက်ကိုရီးယား အစိုးရရဲ့ အာရှ ပစိဖိတ် ငြိမ်းချမ်းရေး ကော်မတီရဲ့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်ကို အစိုးရပိုင် သတင်းအေဂျင်စီ က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲတုန်းကလည်း ပြုံယမ်းမြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကိုလည်း အလားတူ သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားနိုင်ငံဘက်က တောင်ကိုရီးယားနဲ့ ၂ နိုင်ငံ ပူးတွဲ လုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ရဲ့ လည်ပတ်မှုအားလုံးကို ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် စက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေဟာ အင်္ဂါနေ့မှာ အလုပ်မဆင်းကြတော့ပါဘူး။

ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက်အသွယ်ကို ဖြတ်တောက်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲ လုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်
ခေါ်ယူလိုက်တဲ့ အပြုအမူကြောင့် မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာ့အလည်မှာ စီးပွားရေးနဲ့ပတ်သက်ပြီး အယုံကြည် မရှိတော့တဲ့ အခြေစိုက်သွားလိမ့်မယ်လို့
တောင်ကိုရီးယား သမ္မတ ဘတ်ဂွန်ဟဲး (Park Geun-hye) က ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားသားတွေ တောင်ကိုရီးယား နိုင်ငံကနေ ထွက်ခွာကြဖို့ မြောက်ကိုရီးယားနိုင်ငံက သတိပေးချက် ထွက်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်ဒေသမှာ အခြေအနေတွေ ဖရိုဖရဲ ဖြစ်တာမမြင်လိုဘူးလို့ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။

ဘယ်ဘက်ကဖြစ်ဖြစ် အခြေအနေတွေ ပိုဆိုးလာအောင် လုပ်တဲ့လုပ်ရပ်မှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်လီ (Hong Lei) က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
XS
SM
MD
LG