သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား-ကန် ထိပ်သီးတွေ့ဆုံရေး အလားအလာကောင်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ ထိပ်သီးအစည်းအဝေး လုပ်ဖို့အတွက် Kim Jong Un ရဲ့ ထိပ်တန်းလက်ထောက်နဲ့ ကြာသပတေးနေ့က နယူးယောက်မှာ ဆွေးနွေးတာတွေကနေ တကယ့်တိုးတက်မှုတွေ ရထားပြီလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

“ကြိုတင်သတ်မှတ်ချက်တွေကို ညှိနှိုင်းတာမှာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း တကယ့်တိုးတက်မှုတွေ ရထားပြီးပါပြီ၊ လုပ်စရာတွေက တော့ အများကြီးကျန်ပါသေးတယ်” လို့ အစည်းအဝေးပြီးတဲ့နောက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Pompeo က ပြောပါတယ်။

မြောက်ကိုရီးယားဟာ အနာဂတ်ကိုဦးတည်တဲ့ မဟာဗျူဟာမြောက် လမ်းကြောင်းသစ်တခုကို အသေအချာစဉ်းစားနေတယ်လို့ သူယုံကြည်ကြောင်း ဝန်ကြီး Pompeo ကပြောပါတယ်။ ဒါပေမဲ့လည်း လုံခြုံမှုရဖို့အတွက်ကတော့ အခြေခံအားဖြင့် လုံးဝ မတူ ကွဲပြားတဲ့ လမ်းကြောင်းတခုကို ရွေးချယ်ရမယ်လို့ သတိပေးပါတယ်။ အဓိပ္ပါယ်ကတော့ ပြီးပြည့်စုံပြီး အတည်ပြုလို့ရတဲ့၊ နောက်ကြောင်းပြန်လို့မရတဲ့ နျူကလီးယားကင်းမဲ့ရေးလမ်းကြောင်းကို ဆိုလိုတာပါ။

၁၈ နှစ်အတွင်း အမေရိကန်ကိုပထမဆုံးလာတဲ့ အဆင့်အမြင့်ဆုံး မြောက်ကိုရီးယားတာဝန်ရှိသူ Kim Yong Chol ဟာ Kim Jong Un ကိုယ်တိုင်ရေးပေးလိုက်တဲ့စာကို သမ္မတထရမ့်ပ်ကို ပေးဖို့အတွက် သောကြာနေ့မှာ ဝါရှင်တန်ကိုလာမယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။ အဲဒီစာထဲမှာ ဘာတွေရေးထားတယ်ဆိုတာ သိရဖို့ စောင့်မျှော်နေတယ်လို့ သမ္မတထရမ့်ပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG