သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အပြောင်းအလဲ ကန်တာဝန်ရှိသူ မြန်မာကို နမူနာပြ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un။

စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ အပြောင်းအလဲ ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို ဥပမာပေးပြီး မြောက်ကိုရီးယား အနေနဲ့ စံနမူနာ ယူသင့်ကြောင်း အမေရိကန် ထိပ်တန်း သံတမန် တဦးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတနိုင်ငံ အပြောင်းအလဲ ဖြစ်ဖို့ ဆိုတဲ့ နေရာမှာ အစိုးရတရပ်လုံးကို ပြောင်းပစ်လိုက်ဖို့ မလိုအပ်ပါဘူး ဆိုပြီးတော့ မြန်မာနိုင်ငံကို ဥပမာပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဦးစံမိုးေ၀ က ပြောပြပါလိမ့်မယ်။

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အဲ့ဒီ့လို ဥပမာပေး ခိုင်းနှိုင်းပြောဆိုသွားတာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ချိန် အတွင်း မြောက်ကိုရီးယားနဲ့ ဆိုင်တဲ့ မေးခွန်း တခုကို ပြန်လည်ဖြေကြားရာမှာ မစ္စတာ Russel က မြန်မာနိုင်ငံကို ဥပမာပေးပြောဆိုသွားခဲ့တာပါ။ တချိန်တုန်းက စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို တွေ့ရတဲ့အကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံဖြစ် ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်ဟာ သူတို့ကိုယ် သူတို့ ဆန်းသစ်ခဲ့ကြတယ်။ တံခါးဖွင့်ပေးတယ်။ ဒီလိုလုပ်တဲ့ အပြောင်းအလဲကြောင့် သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ စီးပွားရေး အထောက်အကူတွေ ဝင်လာမစဲ ဖြစ်လာပါတယ်။”

မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးတော့ ၂၀၁၁ခုနှစ်မှာ အရပ်သား အစိုးရစနစ်နဲ့ အုပ်ချုပ်လာခဲ့တာပါ။ စစ်တပ်တပိုင်း အရပ်သား အစိုးရကို တချိန်တုန်းက စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတတာဝန် ရယူထားတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ ရာထူး တာဝန်အများစုကိုလည်း အငြိမ်းစားယူထားကြတဲ့ အရင်က စစ်ဖက် အကြီးအကဲတွေက ရယူထားဆဲဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွှတ်တော်ရဲ့ အမတ်နေရာ ၂၅% ကိုလည်း စစ်တပ်က ရယူထားဆဲဖြစ်ပါတယ်။ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အဓိက အတိုက်အခံပါတီတို့က တောင်းဆိုနေပေမဲ့ တိုးတက်မှု အလားအလာ တစုံတရာ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီးရှိနေသေးပေမဲ့ ငြိမ်းချမ်းပြီးတော့ အလားအလာကောင်းတွေ တွေ့နေရတယ်လို့ မစ္စတာ Russel က ပြောပါတယ်။

“မှန်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီး ရှိနေတုန်းပါ။ ဒါပေမဲ့ စီးပွားရေး ကဏ္ဍပြောင်းလဲနေပါပြီ။ မြန်မာနိုင်ငံသားတွေရဲ့ လူနေမှု ဘဝတွေ ပြောင်းလဲလာနေပါပြီ။ အခွင့်အရေးတွေ လမ်းပွင့်နေ ပါပြီ။ နောက်ပြီး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှု ပမာဏနဲ့ မြန်မာနိုင်ငံ အပေါ် ထောက်ခံမှုတွေဟာ တော်လှန်ရေးတရပ် ဆင်နွှဲပြီးတော့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေကြောင့် မဟုတ်ပါဘူး။ အခြေအနေက ကျနော်တို့မြင်ကြတဲ့အတိုင်းပဲ ငြိမ်းချမ်းပြီးတော့ အလားအလာတွေပြည့်နေတဲ့ အပြောင်းအလဲပါ။”

ဒါကြောင့်လည်း မြောက်ကိုရီးယားမှာ အပြောင်းအလဲဖြစ်ဖို့ရာဟာ မြန်မာနိုင်ငံက ဥပမာပြနေသလိုပဲ အစိုးရအပြောင်းအလဲ တမျိုး ဖြစ်ဖို့က မလိုပါဘူးလို့ မစ္စတာ Russel က နမူနာပေး ပြောဆိုသွားတာပါ။ မစ္စတာ Russel က အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားနဲ့ ပတ်သက်ပြီး ပြောဆို ရာမှာ သမ္မတ အိုဘားမားဟာ လက်ရှိ သမ္မတတစ်ဦး အနေနဲ့ မြန်မာနိုင်ငံ ကို နှစ်ကြိမ်တိတိ သွားရောက်လည်ပတ်ခဲ့သလို မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း ဝါရှင်တန်ကို လာရောက်လည်ပတ်ခဲ့ကြောင်း ပြောဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တာ ကာလအတွင်းမှာ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံမှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့သလို အမေရိကန် လွှတ်တော်အမတ်တွေ ထိပ်တန်းအရာရှိတွေဟာလည်း မကြာခဏ သွားရောက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခုလတ်တလောမှာကို အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marcielဟာ မြန်မာနိုင်ငံမှာ ၄ရက် ခရီးရောက်ရှိနေပါတယ်။ မစ္စတာScott Marciel ဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ် ရန်ကုန်၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့ကို သွားရောက်မှာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG