သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အလျှော့ပေးလိုက်လျောမှာ မဟုတ်လို့ ကန်တာဝန်ရှိသူများပြော


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၂ ဦးရဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာ မြောက်ကိုရီးယားကို အလျော့ပေးလိုက်လျောမှု တခုမှ လုပ်မှာမဟုတ်ပဲ မြောက်ကိုရီးယားအာဏာရှင်ကို ဆက်ပြီးဖိအားပေးနေမှာ ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောကြားကြပါတယ်။

သူတို့ ၂ ဦး ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာ အတိမ်းအစောင်းတခုမှ အဖြစ်မခံနိုင်သလို လိုက်လျောမှုလည်း တခုမှ လုပ်မှာ မဟုတ်ကြောင်း အမေရိကန်ဗဟိုထောက်လှန်းရေး အေဂျင်စီ CIA ဒါရိုက်တာ Mike Pompeo က Fox သတင်းဌာန ကိုပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတွဲပြီး လိုအပ်တဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တာကို မြောက်ကိုရီးယားခေါင်းဆောင်ဘက်က ဆက်ပြီး ခွင့်ပြုရမှာ ဖြစ်ကြောင်းလည်း မစ္စတာ Pompeo ကပြောပါတယ်။ ဒါ့အပြင် သူ့စစ်တပ်မှာ နျူကလီယားလက်နက် ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့လည်း သေချာအောင်လုပ်ပေး ရမယ်လို့ဆိုပါတယ်။

သမ္မတအိမ်ဖြူပြောခွင့်ရ Raj Shah ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာတုန်းက မြင်ခဲ့ရတဲ့ မအာင်မြင်တဲ့ မူဝါဒတချို့ဖြစ်တဲ့ ညှိနှိုင်းရင်း လိုက်လျောတဲ့ အပေးအယူလုပ်တာမျိုးကို သမ္မတ Trump အနေနဲ့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ABC သတင်းဌာနကို ပြောပါတယ်။ အခုမူဝါဒက ဖိအားပေးတာဖြစ်ကြောင်းနဲ့ ဒီဖိအားဟာ ကမ္ဘာတလွှားက အမေရိကန်ရဲ့ မဟာမိတ်နဲ့ မိတ်ဆွေတွေ၊ ကုလသမဂ္ဂနဲ့ တရုတ်ကတဆင့် ဖိအားပေးတာမျိုးဖြစ်ကြောင်းပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ရဲ့ အမူအကျင့်ကို သက်ရောက်မှုရှိတာမို့ ဒီဖိအားပေးမှုတွေကနေ မြောက်ကိုရီးယားရဲ့ အမူအကျင့်တွေ မကြာခင်လတွေအတွင်း ပြောင်းလဲလာမှာ ဖြစ်ကြောင်းပြောပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ် သမ္မတဟောင်း Barack Obama လက်ထက်က ကျင့်သုံးခဲ့တဲ့ မူဝါဒဟာ အလုပ်မဖြစ်ဘဲ အဲဒီမူဝါဒနဲ့ လုံးဝမတူတဲ့ မြောက်ကိုရီးယားအာဏာရှင်ကို အမြင့်ဆုံး ဖိအားပေးတဲ့ မူဝါဒကို သမ္မတ Trump ကကျင့်သုံးခဲ့တာကြောင့် တရုတ်က မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုကို လျှော့ချခဲ့သလို ကုလသမဂ္ဂကလည်း မြောက်ကိုရီးယား အပေါ် သိပ်ပြင်းထန်တဲ့ ဒဏ်ခတ်မှုတချို့ လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကလည်း ဒဏ်ခတ်မှုတွေအလုပ်ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုသလို ဒါ့ကြောင့်လည်း မြောက်ကိုရီးယားကို ဆွေးနွေးပွဲစားပွဲဆီ ပြန်လာအောင် ခေါ်ယူ နိုင်ခဲ့တာလို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG