သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး စေ့စပ်ဆွေးနွေးဖို့ မြောက်ကိုရီးယားကို ကန်ဝန်ကြီးတိုက်တွန်း


မြောက်ကိုရီးယားဘက်က အကောင်းဆုံး ဆောင်ရွက်နိုင်တာကတော့ ဆွေးနွေးပြောဆိုရေး အဆင့်သင့်ဖြစ်ဖို့ သူ့ရဲ့ ဒုံးကျည် စမ်းသပ်မှုကို ရပ်ပါမယ်ဆိုတဲ့ သတင်းစကားပေးဖို့ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့မှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်းရဲ့ ဒေသဆိုင်ရာ ဖိုရမ်ကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို ပြီးခဲ့တဲ့ စနေနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တခဲနက် အတည်ပြုလိုက်တာဟာဆိုရင် မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်သင့်မခံနိုင်ဘူးဆိုတာနဲ့ ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေးကို မျှော်လင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က ပြောဆိုပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှုတ်ချကြောင်း ဒီကနေ့ တနလာၤနေ့မှာ နိုင်ငံပိုင် မီဒီယာကနေ ပြောဆိုပါတယ်။ သူ့ရဲ့ နျူးကလီးယား အစီအစဉ်တွေ အရေး စေ့စပ်တဲ့ နေရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုက အလုပ်မဖြစ်ဘူး ဆိုတာကို ထပ်ပြီး သက်သေပြတဲ့ အနေနဲ့ရော၊ အမေရိကန်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ရော စမ်းသပ်မှုတွေကို ထောင်နဲ့ချီထပ်လုပ်မယ်လို့လည်း မြောက်ကိုရီးယားဘက်က ပြောဆိုပါတယ်။ မြောက်ကိုရီးယားဘက်က တရားမျှတရေး အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အမေရိကန် အနေနဲ့ နှစ်နိုင်ငံကြားမှာ သမုဒ္ဒရာကြီး ခြားထားလို့ သူ့ရဲ့ ပြည်မကြီး လုံခြုံပြီလို့ ယုံကြည်ထားတယ်ဆိုရင်တော့ အမှားကြီးတရပ်ကို ကျူးလွန်တာဘဲ လို့လည်း မြောက်ကိုရီးယားဘက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG