သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုကို စစ်ကြေညာမှုအဖြစ် မြောက်ကိုရီးယားယူဆ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယား နိုင်ငံ အပေါ် ကုလသမဂ္ဂရဲ့ အခု နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာဆိုရင် စီးပွားရေး အရ အလုံးစုံ ပိတ်ပင်လိုက်တဲ့ သဘောသက်ရောက်ပြီး စစ်ကြေညာမှု ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား အရေး ဆုံးဖြတ်ချက်ဟာဆိုရင် မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ အောင်မြင်မှု အပေါ် အမေရိကန်တို့ရဲ့ ထိတ်လန့် ကြောက်ရွံ့မှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုပြီး မြောက်ကိုရီးယား အစိုးရ အနေနဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ဆန့်ကျင်တဲ့ အကြောင်း ပြောဆိုထားတဲ့ ကြေညာချက်ကို နိုင်ငံပိုင် သတင်းဌာန KCNA ကနေ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တရားမဝင် လက်နက် အစီအစဉ်တွေကို အထောက်အပံ့ ဖြစ်စေတဲ့ ကဏ္ဍတွေကို ပစ်မှတ်ထားတဲ့ နောက်ထပ် တကျော့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း အစိုးရရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ ထပ်တူ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောဆိုခဲ့တာပါ။

ဒီပြောဆိုချက် အပေါ် မြောက်ကိုရီးယားဘက်က ကြေညာချက်ထုတ် တုံ့ပြန်တာမှာတော့ အမေရိကန်တို့ အနေနဲ့ ဘေးကင်းလုံခြုံမှုရှိရှိ ရပ်တည်လိုတယ်ဆိုရင်တော့ ရန်လိုတဲ့ မူဝါဒတွေကို စွန့်လွှတ်ပြီး နျူးကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခုနဲ့ အတူတည်ရှိရေးကို လေ့လာပါလို့ ပြောဆိုလိုက်တာပါ။ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ နိုင်ငံတွေ အနေနဲ့လည်း ဖြစ်လာမယ့် အကျိုးဆက်တွေကို အပြည့်အ၀ တာဝန်ယူရမှာ ဖြစ်ပြီး မြောက်ကိုရီးယား အစိုးရရဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့လည်း ဒီကနေ့ မြောက်ကိုရီးယားက ထုတ်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အခုနောက်ဆုံး ဆုံးဖြတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကိုသာ အပြည့်အ၀ ကျင့်သုံးမယ်ဆိုရင်တော့ မြောက်ကိုရီးယားနိုင်ငံတွင်းကို တင်သွင်းနေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တို့လို ရေနံကုန်ချောတွေ တင်သွင်းမှုကို ကန့်သတ်လိုက်မှာ ဖြစ်ပြီး ရေနံစည်ပေါင်း ၅ သိန်းလောက် လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီရဲ့ အတည်ပြုချက်နဲ့သာ တခုချင်းစီကို ချွင်းချက်နဲ့ စိစစ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုမှာ ဆိုရင်တော့ ပြည်ပထွက် အလုပ်လုပ်ခိုင်းနေတဲ့ မြောက်ကိုရီးယား အလုပ်သမားတွေထံက နိုင်ငံတော် ဘဏ္ဍာ ရရှိမှုကိုလည်း ဖြတ်တောက်နိုင်ရေးလည်း ပါဝင်ပါတယ်။

XS
SM
MD
LG