သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဆွေးနွေးရေး အရှိန်မြှင့်ညှိနှိုင်း


အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားတို့ဖက်က တစုံတရာတုံ့ပြန်ခြင်းမရှိသေးပေမဲ့ ခေါင်းဆောင် ၂ ယောက်တေ့ွဆုံကြမယ့် ထိပ်သီးစည်းဝေးပွဲအတွက် ပြင်ဆင်မှုတွေကိုတော့ လုပ်ဆောင်နေပုံရပါတယ်။ သမ္မတ Trump နဲ့မတေ့ွခင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ April လထဲမှာ အရင်တွေ့ဆုံကြမှာမို့ အမေရိကန်ဖက်က လက်ခံနိုင်တဲ့ သဘောတူညီမှုတခုရနိုင်ဖို့ တောင်ကိုရီးယားတို့ဖက်ကလည်း ကြိုးစားနေပါတယ်။ အကြောင်းစုံကို VOA သတင်းထောက် Brian Padden ရဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဧပြီ လထဲမှာ တွေ့ဆုံပွဲအတွက်ရော May လထဲမှာ Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့တေ့ွဆုံကြမယ့်အစီအစဉ်အတွက်ပါ အခုရက်ပိုင်းတွေအတွင်း သံတမန်ရေးအရ ညှိုနှိုင်းဆောင်ရွက်မှုတွေကို တွေ့နေရပါတယ်။ Nuclear ကင်းစင်ပပျောက်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တေ့ွဆုံမယ်လို့ သမ္မတ Trump ကပြောကြားခဲ့တာကို အားလုံးက အံ့အားသင့်ခဲ့ကြတာပါ။ ဒါနဲ့ပါတ်သက်လို့ မြောက်ကိုရီးယားဖက်က တစုံတရာ တုံ့ပြန်ပြောခြင်းမရှိသေးတဲ့အပေါ်လည်း နိုင်ငံတကာက စိတ်ဝင်စားနေကြပါတယ်။ သမ္မတ Trump ကသံတမန်ရေးနည်းနဲ့ မြောက်ကိုရီးယားကို လက်ကမ်းကြိုလိုက်တဲ့အပေါ် ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက အဖြေရှာနေဆဲဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha ကပြောပါတယ်။

" တွေ့ဆုံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ပေးလိုက်တဲ့အပေါ် အားလုံးတော်တော်လေးအံ့အားသင့်ခဲ့ကြတယ်လို့ ထင်ပါတယ်။ သမ္မတ Trump ဖက်ကအင်မတန် သတ္တိရှိရှိနဲ့ ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို ကျွန်မထင်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဖက်က အခြေအနေအားလုံးကို ပြန်သုံးသပ်နေတယ်လို့ ယုံကြည်ပါတယ်။"

အမေရိကန်ရုပ်သံ CBS ရဲ့ Face the Nation ဆွေးနွေးခန်းအစီအစဉ်မှာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha က တနင်္ဂနွေနေ့က ပြောကြားခဲ့တာပါ။ Kim Jong Un နဲ့တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားအထူးသံတမန်တွေကတဆင့်ခံပြီး မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ Nuclear ကင်းစင်ရေးကိစ္စဆွေးနွေးဖို့ ပြောနေကြတာနဲ့ပါတ်သက်လို့ သူ့အနေနဲ့ စိတ်မပူဘူးလို့လည်း ဆိုပါတယ်။

" မြောက်ကိုရီးယားခေါင်းဆောင်ကိုယ်တိုင် Nuclear ကင်းစင်ပပျောက်ရေးဆွေးနွေးလိုတယ်ဆိုတာ ပထမဆုံးပြောခဲ့တာဖြစ်လို့ ဒီစကားရဲ့ ထူးခြားမှုက အတော်လေးနက်ပါတယ်။ သူကိုယ်တိုင် ဒါမျိုးဘယ်တုန်းကမှ မပြောဖူးပါဘူး။"

မြောက်ကိုရီးယားဖက်က အမေရိကန်သမ္မတနဲ့ လပိုင်းအတွင်းတွေ့ဆုံမယ့်ကိစ္စနဲ့ပါတ်သက်လို့ တစုံတရာမပြောပေမဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဟာ ပြီးခဲ့တဲ့ရုံးပိတ်ရက်အတွင်း Sweden နိုင်ငံကိုသွားပြီး Sweden နိုင်ငံခြားရေးဝန်ကြီး Margot Wallstrom နဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Stockholm မြို့တော်ကိုသွားခဲ့တဲ့အတွက် အဲဒီမှာ သမ္မတ Trump နဲ့ Kim Jong Un တို့ တေ့ွဆုံကြနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ Nuclear ကင်းစင်ပပျောက်ရေးနဲ့ပါတ်သက်လို့ ထင်သာမြင်သာတဲ့ ဆောင်ရွက်မှုတွေ မလုပ်ခင် ပြုံယမ်းကို သမ္မတ Trump သွားမယ်ဆိုရင် Kim Jong Un အစိုးရကို အသိအမှတ်ပြုရာရောက်သွားနိုင်တာကြောင့် ခေါင်းဆောင်၂ ယောက်လုံးအတွက် သံတမန်ရေးအရ သာတူညီတဲ့ နေရာရွေးသင့်တယ်လို့ သုံးသပ်သူတော်တော်များများက ထောက်ပြနေကြတာပါ။

ပြီးခဲ့တဲ့ ရုံးပိတ်ရက်ထဲမှာပဲ အမေရိကန်ပြည်ထောင်စု။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က အမျိုးသားလုံခြုံရေးထိပ်တန်အကြံပေးတွေ San Francisco မြို့မှာ တေ့ွဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ လုံးဝ Nuclear ကင်းစင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ Moon နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim တို့ April လထဲမှာတေ့ွမယ့်ကိစ္စ။ သမ္မတ Trump နဲ့ Kim Jong Un တို့ May လထဲမှာတေ့ွဆုံကြမယ့်ကိစ္စတွေကို အမေရိကန်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က လုံခြုံရေးဆိုင်ရာအကြီးအကဲတွေ အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ Seoul မြို့တော်မှာရှိတဲ့ VOA သတင်းထောက် Brian Padden ကပြောပါတယ်။ ၃ နိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အရင်ကဖြစ်ခဲ့တဲ့ အမှားမျိုးထပ်မဖြစ်အောင် ကာကွယ်ဖို့ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်အရာရှိ တယောက်ကပြောပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ Nuclear အစီအစဉ်ဖျက်သိမ်းမယ်ဆိုတဲ့ ကတိအတွက် အရင်အမေရိကန်အစိုးရတွေက စီးပွားရေးမက်လုံးတွေပေးခဲ့ပေမဲ့ တကယ်တမ်း မြောက်ကိုရီးယားဖက်က ကတိမတည်ခဲ့တာကြောင့် အဲဒီသဘောတူချက်တွေအပေါ် သမ္မတ Trump ကတော်တော်လေး ဝေဖန်ခဲ့တာပါ။ တောင်ကိုရီးယားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံမှုမှာ Nuclear ကင်းစင်ပပျောက်ရေးကို အဓိကထားဆွေးနွေးမယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောထားပါတယ်။ ဒါ့အပြင် သမ္မတ Trump ထောက်ခံနိုင်လောက်တဲ့ သဘောတူညီမှုမျိုး Moon Je-in နဲ့ Kim Jong Un တို့ကြားရနိုင်ဖို့လည်း တောင်ကိုရီးယားဖက်က မျှော်လင့်နေပါတယ်။

မြောက်ကိုရီးယားတို့အနေနဲ့ သူ့ရဲ့ Nuclear စွမ်းရည်ကို သိသိသာသာ လျှော့ချပစ်စရာ မလိုတဲ့ လိုက်လျောမှုတွေလုပ်ပြီး သူတို့ဖက်က သဘောထားမှန်တယ်ဆိုတာ ပြသလို့ရတယ်လို့ Seoul မြို့တော်အခြေစိုက် Asan Institute for Policy Studies က မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ Go Myong-Hyun ကပြောပါတယ်။

"မြောက်ကိုရီးယားတို့အနေနဲ့ သူတို့ဆောက်လုပ် ပိုင်ဆိုင်မယ့် Missile ဒုံးအရေအတွက်ကို ကန့်သတ်ဖို့ ကမ်းလှမ်းလို့ရပါတယ်။ သူတို့အတွက်လည်း Missile ဒုံးတွေကို ထိမ်းသိမ်းထားဖို့အတွက် သိပ်ကို ငွေကုန်ကြေးကျများပါတယ်။ Nuclear လက်နက်ထုတ်လုပ်နိုင်တဲ့ သတ္တုပစ္စည်းတွေကို အကန့်အသတ်နဲ့ဲ ထားရှိမယ်လို့လည်း မြောက်ကိုရီးယားတို့ဖက်က ပြောလို့ရပါတယ်။"

တကယ်လို့ မြောက်ကိုရီးယားဖက်က Nuclear ပိုင်ဆိုင်မှုကို ချက်ချင်းလျှော့ချပါမယ်လို့ ပြောလာခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဖက်က ဘယ်လိုလျော့ပေါ့မှုတွေလုပ်မှာလည်းဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာစီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေက မြောက်ကိုရီးယားအတွက် အတော်ကို ထိခိုက်နေတဲ့အတွက် အဲဒီဒဏ်ခတ်မှုတွေကို လျော့ပေါ့ပေးမယ့် သဘောတူညီမှုမျိုးရဖို့ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက လိုလားနေတယ်လို့ လေ့လာသူတချို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG