သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သမ္မတ Trump တွေ့ဆုံမယ့်အစီအစဉ် သတိနဲ့ကြိုဆို


မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် အဆုံးသတ်ရေး မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ မေလထဲ နောက်ဆုံးထား တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်သမ္မတ Donald Trump လက်ခံလိုက်တဲ့အပေါ် သတိနဲ့ ကြိုဆိုတာတွေ၊ သံသယအမြင်တွေလည်း ထွက်ပေါ်လာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံဖို့ အမေရိကန်သမ္မတက လက်ခံလိုက်တဲ့ သတင်းကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ၊ အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster အပါအဝင် အိမ်ဖြူတော် အရာရှိတွေကို ရှင်းလင်းတင်ပြဖို့ ဝါရှင်တန်ကို ရောက်နေတဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး ဌာန အကြီးအကဲ Chung Eui-yong က မနေ့နှောင်းပိုင်းမှာပဲ ကြေညာခဲ့တာပါ။

တင်ပြချက်တွေကို သမ္မတ Trump အနေနဲ့ ကျေနပ်မှုရှိခဲ့ပြီး၊ နျူကလီးယား အပြီးတိုင် ကင်းရှင်းရေး မေလထဲ နောက်ဆုံးထား တွေ့ဆုံဖို့ကိုလည်း လက်ခံခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ နှုတ်နဲ့ဖိတ်ကြားချက်ကို အမေရိကန်သမ္မတထံ သတင်းစကားပါးခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန အကြီးအကဲက ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက် ကင်းစင်ရေး ဆွေးနွေးညှိနှိုင်းဖို့နဲ့ ဆွေးနွေးနေချိန်မှာ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေ ဆိုင်းငံ့ထားဖို့ ဆန္ဒရှိတဲ့အကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တနင်္လာနေ့တုန်းက တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား သံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Chung Eui-yong က ပြောဆိုထားတာပါ။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန် သမ္မတတို့ တွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံအပြင်၊ ရုရှားနိုင်ငံကပါ ကြိုဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေအပေါ် သံသယအမြင်တွေ ရှိနေတဲ့ ဂျပန်နိုင်ငံက ဝန်ကြီးချုပ် Shinzo Abe ကတော့ အမေရိကန်သမ္မတနဲ့ မနေ့တုန်းကပဲ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး မြောက်ကိုရီးယားအပေါ် ဖိအားပေးမှုတွေနဲ့ ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကို ချီးကျုးစကား ပြောဆိုခဲ့သလို၊ မြောက်ကိုရီးယားနဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ Trump နဲ့ ဆွေးနွေးဖို့ ရှေ့လထဲ ဝါရှင်တန်ကို သွားဖို့လည်း ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG