သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် ARF ညီလာခံ မြောက်ကိုရီးယား တက်မည်


မြောက်ကိုရီးယားနိုင်ငံနဲ့ ဟိုးအရင်ကတည်းက မတည့်ခဲ့တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတာ တွေ့ရနိုင်တဲ့ ခရီးစဉ်တခုအတွက် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာ Pyongyang မြို့တော်က စနေနေ့မှာပဲ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ASEAN အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ရဲ့ ဒေသတွင်း နှီးနှောဖလှယ်ပွဲကိုပါ ရောက်လာနိုင်တဲ့ သူ့ရဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံ ခရီးစဉ်အတွက် Mr. Ri Su Yong၊ Pyongyang မြို့တော်ကနေ လေယာဉ်နဲ့ ထွက်ခွာ သွားတာပါ။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ARF အာဆီယံ ဒေသတွင်း အစည်းအဝေးကို အာရှနဲ့ ကမ္ဘာ တလွှားက ကိုယ်စားလှယ်တွေ လာတက်ရောက်ကြမှာဖြစ်ပြီး အာရှပိစိဖိတ်ဒေသမှာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ သံတမန်ဆက်ဆံရေး ပိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ ဒီ ASEAN အခမ်းအနားဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြောက်ကိုရီးယားနဲ့ သူ့ရဲ့ ဟိုး အရင်ကတည်းက ပြိုင်ဖက်နိုင်ငံတွေ ဆုံတွေ့ရာ အရပ်ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တို့မှာဆို အဲဒီတုန်းက မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Pak Ui Chun နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Colin Powell တို့ ASEAN စည်းဝေးပွဲမှာ ဘေး ထွက် ဆွေးနွေးပွဲအဖြစ် တွေ့ဆုံခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာတော့ မြောက် ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Pak Ui Chun က တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kim Sung-hwan နဲ့ ဒီ ASEANစည်းဝေးပွဲမှာပဲ တွေ့ဆုံခဲ့တာပါ။ ဒီနှစ် ASEAN စည်းဝေးပွဲမှာတော့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၊ တောင်ကိုရီးယား၊ ဒါမှမဟုတ် Japan နိုင်ငံတို့က သံတမာန်တွေနဲ့ တွေ့ဆုံဖို့ အတည်ပြုထားတာ မရှိသေးပါဘူး။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာ လော၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အခု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Su Yong ဟာ ဝန်ကြီးသစ်ဖြစ်ပြီး ၂၀၁၄ ဧပြီလကမှ ဒီရာထူးကို ရတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG