မြောက်ကိုရီးယားနိုင်ငံမှာ ဒီရာစုနှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဒဏ် ခံနေရတယ်လို့ အစိုးရသတင်းတွေမှာ ဖော်ပြနေတာမို့ စားနပ်ရိက္ခာ နဂိုကတည်းက လုံလောက်မှုမရှိတဲ့ ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေဟာ ပိုဆိုးလာနေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို နှစ် ၁၀၀ လောက် ဆက်ပြီး ခံနေရတယ်လို့ နာမည် အပြည့်အစုံ ဖော်ပြမထားတဲ့ အစိုးရအရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA ကိုရီးယားသတင်းဌာနက အင်္ဂါနေ့က ဖော်ပြထားတာပါ။ မိုးကောင်းကောင်း မရတဲ့အတွက် Hwanghae နဲ့ Pyongan ခရိုင်တွေ အပါအဝင် ဆန် အဓိက စိုက်ပျိုးတဲ့ နေရာ အများအပြားမှာ စပါးခင်းတွေ ခြောက်ကုန်တယ်လို့ KCNA အစိုးရသတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ၁၉၉၀ အစောပိုင်းနှစ်တွေတုန်းက ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ခံရပြီး လူပေါင်း သိန်းသန်းချီ သေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အခုထိ မိုးခေါင်တာ၊ ရေလျှံတာလို သဘာဝဘေးဒဏ်တွေနဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် နိုင်ငံတွင်း စားနပ်ရိက္ခာ ရှားပါးမှုကို အမြဲတစေ ခံစားနေရတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ လူဦးရေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၁၈ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊ အဟာရ ချို့တဲ့မှုတွေ ခံစားနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဟာရချို့တဲ့မှုနှုန်းကလည်း မြင့်မားနေတာဖြစ်ပြီး၊ အသက် ၅ နှစ်အောက် ကလေးငယ်အားလုံးရဲ့ ၂၈ ရာခိုင်နှုန်းလောက်ဟာ အဟာရချို့တဲ့မှုဒဏ်ကို တာရှည်ခံစားနေရတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ၊ သောက်ရေသန့်နဲ့ တခြား အခြေခံ လိုအပ်ချက်တွေ ဖြည့်တင်းပေးနိုင်ဖို့ ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ကူညီရေးအဖွဲ့ ၅ ဖွဲ့၊ ဒီ၂၀၁၅ ခုနှစ်ထဲ ဆက်လက် လှုပ်ရှားနိုင်အောင် ရန်ပုံငွေ ဒေါ်လာ ၁၁၁ သန်း ချထားပေးဖို့ ကုလသမဂ္ဂက ဧပြီလထဲမှာ ပန်ကြားခဲ့တာပါ။ ကိုယ်တိုင် မိုးခေါင်မှုဒဏ် ခံနေရတဲ့ တောင်ကိုရီးယားကတော့ KCNA သတင်းအတွက် မှတ်ချက်တစုံတရာ မပေးပေမဲ့ တကယ်လို့ မြောက်ကိုရီးယားဟာ အခုလို မိုးခေါင်ရေရှားဒဏ်ကို ဆက်ပြီးခံနေရမယ်ဆိုရင် ကောက်ပဲသီးနှံထုတ်လုပ်မှုဟာ မနှစ်ကထက် ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်တယ်လို့တော့ မကြာသေးခင်ကပဲ သတိပေးထားပါတယ်။