သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးလွှတ်တင်မှု နိုင်ငံတကာ ရှုတ်ချ


မြောက်ကိုရီးယားနိုင်ငံက ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ရေငုပ်သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်လွှတ်လိုက်တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေး တုံ့ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားက အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ မြောက်ကိုရီးယားအနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမယ့် လုပ်ရပ်တွေ လုပ်ဆောင်နေမယ့်အစား နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းကြောင်း၊ မြောက်ကိုရီးယားက အခုလို ခြိမ်းချောက်မှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် မဟာမိတ်နိုင်ငံတွေဘက်က မားမားမတ်မတ် ရပ်တည်သွားမှာဖြစ်ပြီး နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Elizabeth Trudeau က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကမ်းခြေမြို့ Sinpo အနီးကနေ ဗုဒ္ဓဟူးနေ့ မနက်စောစောပိုင်းက ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးဟာ ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ရောက်ခဲ့ပြီးနောက် ဂျပန်ရဲ့ လေကြောင်းကာကွယ်ရေး ဇုံနယ်မြေမှာရှိတဲ့ ပင်လယ်ပြင်အတွင်းကို ကျရောက်ခဲ့ပါတယ်။

အခုလို လွှတ်တင်ပြီး နာရီအနည်းငယ်အကြာမှာ တိုကျိုမှာ ၃ ပွင့်ဆိုင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။

တချိန်ထဲမှာပဲ - တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ကလည်း သက်ဆိုင်သူ အားလုံးအနေနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကျဉ်ကြဖို့ ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ်က အခြေအနေတွေဟာ နူးညံ့သိမ်မွေ့ကြောင်း၊ တင်းမာမှုတွေ ဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေကို အားလုံးက ရှောင်းရှားကြစေလိုကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိရေးအတွက် အားလုံးမှာ တာဝန်ရှိကြောင်း Lu Kang က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက လက်နက်တည်ဆောက်ရေးမှာ တိုးတက်မှုတွေ ရှိနေတာဟာ တရုတ်နိုင်ငံက ပိတ်ဆို့ အရေးယူမှုတွေကို လျော့ချပေးလိုက်တဲ့အတွက် ဖြစ်တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပညာရှင်တွေက ယုံကြည်နေကြတာပါ။

အဲဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာက လိုက်နာဆောင်ရွက်ရမယ့် တာဝန် ဝတ္တရားတွေကို လိုက်နာ ဖြည့်ဆည်းပြီး လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ လိုက်နာ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

နိုင်ငံတကာက လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို တရုတ်နိုင်ငံက လေးစား လိုက်နာသလိုပဲ သက်ဆိုင်သူ အားလုံးကလည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် 2270 ကို တိကျစွာ၊ အပြည့်အ၀ လိုက်နာကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း Lu Kang က ပြောပါတယ်။

လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူတဲ့ ဆုံးဖြတ်ချက်ကိုတော့ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးတဲ့နောက်မှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG