သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ တည်ငြိမ်စပြု


ရှမ်းပြည်နယ်ရှိ ပြည်ထောင်စုလမ်း (သြဂုတ်၊ ၂၅၊ ၂၀၁၉)
ရှမ်းပြည်နယ်ရှိ ပြည်ထောင်စုလမ်း (သြဂုတ်၊ ၂၅၊ ၂၀၁၉)

ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး-မူဆယ်လမ်းမှာ ဒီကနေ့လည်း အခြေအနေက ဆက်လက်တည်ငြိမ်လာပြီး ယာဉ်အသွားအလာတွေ ပုံမှန်ရှိနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ကွတ်ခိုင်မြို့ပေါ်ကို တိမ်းရှောင်လာသူတွေလည်း နေရပ်ရင်းကို စတင်ပြန်နေကြပြီ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အရင်ရက်ပိုင်းတွေက တိုက်ခိုက်တာ ကားပိတ်ဆို့တာတွေ ဖြစ်ခဲ့တဲ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမှာ ကားအသွားအလာတွေဟာ ဒီလ ၄ရက်နေ့က စတင်ပြီး ပုံမှန်ပြန် ဖြစ်လာနေတာပါ။

ဒီကနေ့ လမ်းခရီး အခြေအနေကိုတော့ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အခုလိုပြောပါတယ်။

“ကောင်းပါတယ်ဗျ။ အဆင်းကားတွေရော အတက်ကားတွေရော မနေ့ကရော ဒီနေ့ရော ၂ ရက်လုံး အဆင်ပြေပြေနဲ့ သွားနေပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်တာနဲ့ လမ်းပိတ်ဆို့တာတွေဟာ ကွတ်ခိုင်မြို့အနီး ရှုခင်းသာဘက်မှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီရက်တွေအတွင်းမှာ တိုက်ပွဲတွေလည်း ငြိမ်သက်နေခဲ့တာကြောင့် ကွတ်ခိုင်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေလည်း နေရပ်ကို စတင်ပြန်နေပြီ ဖြစ်ကြောင်း ဦးကျော်လွင်က ဆက်ပြောပါတယ်။

“ဟုတ်။ အခုလက်ရှိကတော့ ကျနော်တို့ တော်တော်များများကတော့ ပြန်နေကြပါပြီ ခင်ဗျ။ ဒီနေ့ ဆိုရင်လည်း တောင်တန်းကျောင်းက စစ်ရှောင်တွေ၊ နောက် ခိုလုံ ဘုန်းကြီးကျောင်းက စစ်ရှောင်တွေ စပြီးတော့ ပြန်နေကြပါပြီ။ ကျန်လို့ ရှိရင်လည်း ကျနော်တို့ ဒီ နှစ် Camp လောက်ပဲ ကျန်တော့မယ်ဗျ။ လူကတော့ အများဆုံးကျန်လည်း သုံး - လေးရာလောက်ပဲ သူတို့လည်း မနက်ဖြန်လောက်ဆို ပြန်မယ်လို့ ပြောပါတယ် ခင်ဗျ။”

ကွတ်ခိုင်မြို့က ဗြဟ္မစိုရ် နှလုံးသားလူမှုကူညီရေးအသင်းက ဒီနေ့ ညနေခင်းအထိ နေရပ်ပြန်တွေကို ပို့ဆောင်ပေးနေကြောင်း အဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ဒီနေ့တော့ စစ်ဘေးရှောင် နှစ် ဖွဲ့ ပြန်တယ်ဗျ။ သုံး ရွာ၊ လေး ရွာလောက် ပြန်တယ်ဗျ။ ဘယ်ရွာတွေကလဲဆိုရင် ကုန်းဆာပါမယ်။ ဟွေအစ်ရွာပါမယ်။ နောက် ဟိုနောင်ရွာပါမယ်။ မန်နောင်လည်း ပါတယ်။ လေးရာကျော်၊ ငါး ရာနီးပါးလောက် ပြန်တယ်ပေါ့။ ကျနော်တို့ အခု ပို့နေတုန်း၊ ပို့နေတုန်း မပြီးသေးဘူး။”

ဒီလ ၃ ရက်နေ့ကတော့ ကွတ်ခိုင်မြို့ပေါ် စခန်း ခြောက် ခုလောက်မှာ စစ်ရှောင်ပြည်သူ ၁,၆၀၀ လောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

လားရှိုးနဲ့ သိန္နီမြို့ပေါ်ကို တိမ်းရှောင်လာသူတွေကတော့ အရင်ရက်တွေတည်းက သူတို့ ဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့နောက် ပြန်ကြပြီ ဖြစ်ကြောင်း ဒေသခံ ပရဟိတ ဆောင်ရွက်သူတွေက ပြောပါတယ်။

တပ်မတော်နဲ့ TNLA ခေါ် တအန်း (ပလောင်) တပ်ဖွဲ့ကို ဆက်သွယ်ရာ မေးမြန်းရာမှာတော့ ဒီနေ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိကြောင်း ပြောဆိုပြီး တပ်မတော်ဘက်ကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းမြောက်ဒေသ တည်ငြိမ်စပြု
please wait

No media source currently available

0:00 0:02:19 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG