မြောက်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး စီမံချက်တရပ်ကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် (Lee Myung-bak) က ဒီကနေ့ ကမ်းလှမ်း တင်ပြလိုက်ပြီးတော့ ပြန်လည်ပေါင်းစည်းရေးဟာ မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျပန်က လက်နက်ချတဲ့ ၁၉၄၅ သြဂုတ်လ ၁၅ ရက်နေ့ဟာ ကိုရီးယားကျွန်းဆွယ် ဂျပန်ကိုလိုနီအဖြစ်ကနေ လွတ်မြောက်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့ရဲ့ ၆၅ နှစ်မြောက် အထိမ်းအမှတ် တနိုင်ငံလုံးကို သမ္မတ လီမြောင်ဘတ်က ရုပ်သံလွှင့်မိန့်ခွန်း ပြောကြားတာမှာ မြောက်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် အဆင့်ဆင့်တွေကို စတင် ပြင်ဆင်ရမယ့်အချိန် ရောက်ရှိလာပြီလို့ သမ္မတလီက ပြောကြားသွားခဲ့ပါတယ်။
အဆင့် ၃ ဆင့်ပါတဲ့ သမ္မတ လီမြောင်ဘတ်ရဲ့ စီမံချက်မှာ ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ အခွန်ကောက်ခံမှုလည်း ပါရှိပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ မညီမျှတဲ့ စီးပွားရေး ကဏ္ဍနှစ်ရပ် ပြန်လည်ပေါင်းစည်းတဲ့ အချိန်မှာ ဖြစ်ပေါ်လာမယ့် စီးပွားရေး ၀န်ထုပ်ဝန်ပိုးတွေကို ခုမိ ကာမိစေဖို့ ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ အခွန်အမျိုးအစား အသစ်ကို ထပ်တိုးကောက်ခံမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က ဂျပန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီအဖြစ် သိမ်းပိုက်ခဲ့ခြင်းအတွက် ဂျပန်ဝန်ကြီးချုပ် နာအိုးထိုးခန်း (Naoto Kan) ရဲ့ ၀န်ချတောင်းပန်မှုကို နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ကို တိုးတက်စေမယ့် ခြေလှမ်းအဖြစ် ကြိုဆိုပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူးလို့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။