သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုမိုပြင်းထန်


ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုမိုပြင်းထန်
ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုမိုပြင်းထန်

တောင်နဲ့မြောက်ကိုရီးယားတို့ကြား တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ ကိုရီးယားကျွန်းဆွယ်မှာ နောက်ထပ် လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် သတိပေးချက်အသစ်တွေလည်း ထွက်ပေါ်လာပါတယ်။ မြောက်ကိုရီးယားဘက်က အမြောက် ပစ်ခတ်သံတွေကို သောကြာနေ့က ကြားခဲ့ရတဲ့အကြောင်း တောင်ကိုရီးယားရဲ့ ယောင်ဖြွန်းကျွန်းမှာ နေထိုင်သူတွေက ပြောဆိုခဲ့ကြတာပါ။

တောင်ကိုရီးယား စစ်တပ် တာဝန်ရှိသူတွေကတော့ သူတို့နယ်မြေထဲကို အမြောက်ကျည်ဆံတွေ ကျရောက်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ မြောက်ကိုရီးယားက ယောင်ဖြွန်းကျွန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တောင်ကိုရီးယား ကမ်းတက်စစ်သား ၂ ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးပြီး နောက်ထပ် လူ ၁၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး ၃ ရက်အကြာမှာ အခုလို ထပ်မံဖြစ်ပွားခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှု အသစ်တွေနဲ့အတူ ၂ ဘက်အကြား စစ်ဖြစ်ဖို့ အခြေအနေနဲ့ နီးစပ်လာနေပြီဆိုပြီး ခပ်ကြမ်းကြမ်း သတိပေးပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ မြောက်ကိုရီးယားပိုင် ကိုရီးယား ဗဟိုသတင်းဌာနကတော့ တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ရှိနေတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုဟာ လက်ယားနေသူတွေရဲ့ အဆင်အခြင်မဲ့ အစီအစဉ်အဖြစ် ပြစ်တင်ပြောဆိုလိုက်တာပါ။

တင်းမာမှုတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ့် အစီအစဉ်တွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံက သတိပေးချက်လည်း ထွက်ပေါ်လာပါတယ်။ ဒေသထဲမှာ တရုတ်နိုင်ငံရဲ့ ခွင့်ပြုချက်မရဘဲ တဘက်သတ် လုပ်ဆောင်တဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့ကပဲ ပြောဆိုလိုက်တာပါ။

XS
SM
MD
LG