သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံ လက်နက်ကြီးများနှင့် အပြန်အလှန် ပစ်ခတ်


မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားပိုင် ယောင်ဖြွန်းကျွန်း။ နိုဝင်ဘာ ၂၃၊ ၂၀၁၀။
မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားပိုင် ယောင်ဖြွန်းကျွန်း။ နိုဝင်ဘာ ၂၃၊ ၂၀၁၀။

မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားပိုင်နက် လူနေထူထပ်တဲ့ ကျွန်းပေါ်ကို အမြောက်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ်က ပြန်လည် ပစ်ခတ်နေကြသလို ဂျက်တိုက်လေယာဉ်တွေ ဝေဟင်မှာ ပျံသန်း ကာကွယ်နေကြပါပြီ။

နှစ်ဘက်အကြား ဒီတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်ပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် အဲဒီ ယောင်ဖြွန်းကျွန်း (Yeonpyeong) က လူနေအိမ် အတော်များများ မီးသင့်ပြီး အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကျွန်းသူ ကျွန်းသား ၁,၀၀၀ ကျော်ကို အရေးပေါ် ခိုလှုံရေး စခန်းတွေကို ရွှေ့ပေးခဲ့ရပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myeung-bak) က အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီး နှစ်ဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ဟန့်တားနိုင်ရေး လုံခြုံရေးရာ ဝန်ကြီးတွေ၊ တခြား တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလို တိုက်ခိုက်မှုဟာ စစ်ရေးအရ ရန်လိုမှုကို ပြတ်ပြတ်သားသား ပြသလိုက်တာဖြစ်ပြီး ဆက်ပြီး တိုက်နေမယ်ဆိုရင် ဒီ့ထက်မက ပိုဆိုးနိုင်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ အခုလို ရန်လိုတဲ့ လုပ်ရပ်ကို ရပ်တန်းကရပ်ပါလို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး တောင်ကိုရီးယားနိုင်ငံကို ကာကွယ်ရေး အမေရိကန် ပြည်ထောင်စုက တာဝန်ယူထားတာကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ကမ်းခြေနဲ့ ၈ မိုင်အကွာ ပင်လယ်ဝါအတွင်းက ယောင်ဖြွန်းကျွန်း(Yeonpyeong island) ပေါ်မှာ တောင်ကိုရီးယားက နှစ်စဉ်လုပ်နေကျ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်မှာ အခုလို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်နေပါတယ်။

တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ လေ့ကျင့် ပစ်ခတ်မှုတွေဟာ ပင်လယ်ဝါဘက်ကို ဦးတည် ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကို မပစ်ခတ်ခဲ့ဘူးလို့လည်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

XS
SM
MD
LG