သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျော့ပါးရေး တရုတ်ကြိုးပမ်းနေ


ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျော့ပါးရေး တရုတ်ကြိုးပမ်းနေ

တောင်နဲ့ မြောက်ကိုးရီးယား ၂ နိုင်ငံကြားက တင်းမာမှုတွေ လျော့ကျသွားအောင် တရုတ်အစိုးရက ကြိုးပမ်း ဆောင်ရွက်မယ်လို့ ဆိုးလ်မြို့တော်ကို ရောက်ရှိနေတဲ့ တရုတ်အစိုးရရဲ့ ထိပ်တန်း အရာရှိကြီး တဦးဖြစ်သူ တရုတ် နိုင်ငံခြား မူဝါဒရေးရာ အကြံပေး အရာရှိကြီး မစ္စတာ ဒိုင်ဘင်ဂေါင်း (Dai Bingguo) က တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) ကို ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတ အီမြောင်ဘတ်နဲ့ မစ္စတာ ဒိုင်ဘင်ဂေါင်းတို့ ဒီကနေ့ တွေ့ဆုံကြတာမှာ ကိုရီးယားကျွန်းဆွယ်က လက်ရှိ အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေပြီးတော့ တင်းမာမှုတွေ ပြေလျော့စေရေးအတွက် အလေးအနက် ဆက်သွယ်ဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှုတွေကို တရုတ်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြားမှာ ပူးတွဲပြီး ကြိုးပမ်း လုပ်ဆောင်သွားကြဖို့ နှစ်ဘက် သဘောတူညီခဲ့ကြတယ်လို့လည်း ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။

လာမယ့် ဒီဇင်ဘာလဆန်းမှာ မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးဘက် ၆ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ရုရှား၊ တောင်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေရဲ့ စေ့စပ် ညှိနှိုင်းရေးမှူး ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြဖို့ တရုတ်စေ့စပ်ရေးမှူး ခေါင်းဆောင် ဝေဒါဝီး (We Dawei) က ဘေဂျင်းမြို့မှာ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ ဒီတောင်းဆိုချက်ကို တောင်ကိုရီးယား သမ္မတ အိမ်တော်ကနေ အခုအချိန်ဟာ ဒီလို မြောက်ကိုရီးယား နျူကလီးယားအရေး ၆ နိုင်ငံ ဆွေးနွေးပွဲလုပ်ဖို့အချိန် မဟုတ်ဘူးလို့ ပယ်ချလိုက်ပါတယ်။

ဒီကနေ့ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်း ပင်လယ်ဝါထဲမှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်လိုက်တဲ့ အချိန်မှာပဲ မြောက်ကိုရီးယားကလည်း မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေနဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေကို တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်အနီးမှာ ဖြန့်ချထားလိုက်ပါတယ်။

မြောက်ကိုရီးယား ရေပြင်ကို ဒီစစ်ရေးလေ့ကျင့်မှုကနေ ကျူးကျော်မှု တစုံတရာ ဖြစ်လာရင် မိမိတို့က ရက်ရက်စက်စက် စစ်ရေးတုံ့ပြန်မှု လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရ KCNA သတင်းဌာနက ကြေညာလိုက်ပါတယ်။

XS
SM
MD
LG