သုံးရလွယ်ကူစေသည့် Link များ

တောင် မြောက် ကိုရီးယား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား


တောင်ကိုရီးယား စစ်အခြေစိုက်စခန်း။ (သြဂုတ်၊ ၂၀၁၅)

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား တို့ဟာ နှစ်နိုင်ငံ အနောက်ပိုင်း နယ်စပ်မှာ လက်နက်ကြီးတွေ နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေ ကပြောပါတယ်။ အပြန်အလန်ပစ်ခတ်မှုတွေဟာ ကြာသပတေးနေ့မှာ စတင်ခဲ့တာဖြစ်ပြီးမြောက်ကိုရီးယားဘက်က တောင်ကိုရီးယား စစ်တပ်ချ ထားတဲ့နေရာတွေကို စတင်ပစ်ခတ်ခဲ့ တာကြောင့်တိုက်ခိုက်မှုဖြစ်ပွား တာပါလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

တောင်ကိုရီးယားကလည်း ဒါဇင်ချီတဲ့ ၁၅၅ မီလီမီတာ အမြောက်ကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူရှိမရှိမသိရသေးပါဘူး။

မြောက်ကိုရီးယားဘက်က ပစ်လိုက်တဲ့ အရာဟာ ဆိုးလ်မြို့ တော်ရဲ့ ကီလိုမီတာ ၆၀ အကွာ Yeoncheon မြို့ နားက တောင်ထူထပ်တဲ့နေရာမှာ ရှိတဲ့ စစ်စခန်းနားကိုကျသွားပုံရတယ်လို့ တောင်ကိုရီးယားသတင်းဌာနတခုက သတင်းပို့ထားပါတယ်။

ဒီလအတွင်းမှာလဲ တောင်ကိုရီးယားစစ်သားနှစ်ဦးတို့ မြေမြုပ်မိုင်းထိပြီး ဒဏ်ရာရသွားတဲ့ အတွက် မြောက်ကိုရီးယားကို တောင်ကိုရီးယားက စွပ်စွဲပြောဆိုထားပြီး နှစ်နိုင်ငံကြားဆက်ဆံရေးတွေ တင်းမာနေခဲ့ပါတယ်။
Yeoncheon မြို့ နားက ပြည်သူတွေကို ထွက်ပြေးတိမ်းရှောင်ကြဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။

မြေမြုပ်မိုင်းကိစ္စအပြီးမှာ ၁၀ နှစ်ကျော် အသုံးမပြုပဲထားထားတဲ့ နယ်စပ်တလျှောက်က အသံချဲ့ စက်တွေနဲ့ တောင်ကိုရီးယားဟာ ဝါဒဖြန့်ချီရေးတွေစတင်လိုက်ပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဘက်က အသံချဲ့ စက်နဲ့ အနီးတဝိုက်နေရာတွေ ကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ တိုက်ခိုက် တာဖြစ်တယ်လို့ သတင်းပို့ချက်တချို့ မှာတော့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားဟာ စစ်ရေးအရ အဆင်သင့်ဖြစ်နေအောင် သူ့ရဲ့ လုံခြုံရေးအဆင့်ကို အမြင့်ဆုံးတိုးမြင့်ထားပါတယ်။

XS
SM
MD
LG