သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ


ကျဆုံးစစ်စည်နှစ်ဦးကို နမ့်ဖက်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်းမှကူညီပို့ဆောင်စဉ်(ဓါတ်ပုံ-မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖက်ကာ)
ကျဆုံးစစ်စည်နှစ်ဦးကို နမ့်ဖက်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်းမှကူညီပို့ဆောင်စဉ်(ဓါတ်ပုံ-မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖက်ကာ)

လက်ရှိစစ်မက်ဖြစ်ပွါးနေတဲ့တိုင်းရင်းသားဒေသအတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မကြေညာခင်တရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်ယာဉ်တန်း တခုကို အမည်မသိလက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်က ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသ တွင်း လူမှု ကူညီရေးအဖွဲ့က ပြောပါတယ်။ စစ်ရေးတင်းမာနေဆဲဒေသတွေမှာ တပ်မတော်က အပစ်ရပ် ကြေညာ တာ ကြိုဆိုပေမဲ့ လက်ရှိတိုက်ပွဲပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်း စစ်ရပ်ဆိုင်းဖို့အချက်မပါရှိတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝသ်ဝင်ပါဝင်သူတွေကထောက်ပြနေကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ဘက်ဘက်ကိုမောင်းနှင်လာတဲ့ရှေ့တန်းပြန်တပ်မတော်ယာဉ်တန်းတွေ ကွတ်ခိုင်မြို့နယ် နမ့်မွှေးရေစင်ရွာနဲ့ နမ့်ဖက်ကာရွာအကြား ပန်ဂျလော့တောင်အတက်မှာ ခြုံခိုတိုက်ခိုက်ခံရပြီး တပ်မတော် ဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ နမ့်ဖက်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်း နာယက ဦးကျော်ဝင်းကနေ VOA ကို အခုလိုပြောပါတယ်။

“ယာဉ်တန်းကို သူတို့က အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုကနေပြီးတော့ အမည်မသိပေါ့။ စုံစမ်းဆဲပေါ့။ တပ်မ (၈၈) က နောက်တန်းကိုပြန်တဲ့ယာဉ်တန်းကို ခြုံခိုတိုက်တဲ့သဘောပေါ့။ သူတို့စောင့်ပြီးပစ်တဲ့အတွက် စစ်သည်နှစ်ဦးကျတာပေါ့။ ညမှာဖြစ်တယ်ဆိုတော့ ဒဏ်ရာရတာတော့ ကျနော်တို့တော့ မသိလိုက်ဘူး။ သူက ယာဉ်တန်းဆိုတော့ ဆက်ထွက်သွားတာပေါ့။ အဲဒီကျဆုံးစစ်သည်နှစ်ယောက်ပဲ ကျနော်တို့က နယ်မြေခံတပ်မှာ ပဲ သူတို့ကထားခဲ့တာလေ။ တပ်ကနေတဆင့် ကျနော်တို့ လူမှုရေးအသင်းက တပ်ကနေတဆင့် ရင်ခွဲရုံကိုပို့ပေး လိုက်တာပေါ့။”

ကြာသာပတေးနေ့ မနက် (၂) နာရီကျော်အချိန် အမည်မသိ စီစစ်ဆဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကနေ ခြုံခို တိုက်ခိုက်ခဲ့တယ်လို့သူကဆိုပါတယ်။ ကျဆုံးစစ်သည်နှစ်ဦးကို ဘာသာပေါင်းစုံသချုႋင်းမှာ မီးသင်္ဂြိုဟ်ခဲ့တယ် လို့လည်း လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိအဲဒီဒေသမှာမြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေကနေ အခြေပြုလှုပ်ရှားနေပြီး တပ်မတော်နဲ့ မကြာခနဆိုသလို စစ်ရေးအရထိတွေ့မှု ဖြစ်ပွါးနေတယ်လို့ ဦးကျော်ဝင်းကပြောပါတယ်။

“အခြေအနေကတော့ မြောက်ပိုင်းကတော့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက ကျန်နေသေးတယ်လေ။ ငြိမ်းချမ်းရေး မဆွေးနွေးရသေးတဲ့အဖွဲ့အစည်းတွေက ကျန်နေတော့ မကြာခနတော့ဖြစ်နေကြတာပေါ့။”

ကွတ်ခိုင်မြို့နယ်အတွင်းမှာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA ကချင်လွတ်လပ်ရေးအဖွဲ့ KIO မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အခြေပြု လှုပ်ရှားနေတာပါ။

ဒီလိုတိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်ပြီး နမ့်ဖက်ကာရဲစခမ်းနဲ့ ကွတ်ခိုင်မြို့နယ်ရဲစခမ်းကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် လည်း ဖြေကြားခြင်းမရှိခဲ့သလို တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ တာလှဖေကတော့ အပစ်ရပ်စဲရေး မကြေညာခင်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ဆိုပါတယ်။

“မကြေညာခင်အထိကတော့ ထိတွေ့မှုတွေရှိပါတယ်။ ကျနော်တို့မြောက်ပိုင်းမှာတော့ အပစ်ခတ်ရပ်စဲရေးကို တပ်မတော်ဖက်ကသာ မကြေညာဘူးဆိုရင်တော့ ထိတွေ့မှုတွေတော့ နေ့စဉ်နီးပါးလောက်ပဲ ကြုံတွေ့နေတာ တော့ သိပ်ပြီးတော့မှ ထူးပြီးမဆန်းတဲ့အဖြစ်တွေပဲ ဖြစ်နေပါပြီ။”

ဒီနေ့ သောကြာနေ့သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံပွဲအပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန် တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်မှာတော့ လက်ရှိ စစ်မက် ဖြစ်ပွါး နေတဲ့ မြောက်ပိုင်းတိုင်း၊ အရှေ့ မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း၊ တြိဂံတိုင်းစတဲ့ စစ်တိုင်း ၅ ခုမှာ ဒီဇင်ဘာ ၂၁ မှ ၂၀၁၉ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းထား မယ်လို့ ကြေညာထား ပါတယ်။

ဒီထုတ်ပြန်ချက်အပေါ်ကြိုဆိုပေမယ့် လက်ရှိတိုက်ပွဲပြင်းထန်နေဆဲရခိုင်ပြည်နယ်အတွင်း စစ်ရပ်ဆိုင်းဖို့အချက် မပါရှိ တဲ့အပေါ် မေးခွန်းထုတ်စရာအချက်ဖြစ်နေတယ်လို့ တာလှဖေက ဆက်ပြောပါတယ်။

“အစိုးရရဲ့ (၂၀၂၀)အ ပြီး ငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်ဆိုတဲ့အောက်မှာ သူတို့လည်း သဘောတူတယ်။ သူတို့လည်း ပူးပေါင်းပါဝင်ချင်တယ်ဆိုတဲ့ပြယုက်ကို ကမ္ဘာကိုပြချင်တာပေါ့နော်။ အခုဒီလက်မှတ်ထိုးပြီးသားရော လက် မှတ်မထိုးသေးတဲ့ဟာရော အပစ်ခတ်ရပ်စဲမယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့က ကြိုဆိုထောက်ခံတယ်။ ဒါပေမယ့်လို့ ဒီစစ်တိုင်းဒေသကြီးတွေကို ရွေးချယ်ပြီးမှလုပ်သလဲ။ ဒီနေ့ဒီအချိန်မှာ ရခိုင်မှာ စစ်ပွဲတွေပြင်းထန်နေ တယ်။ စစ်ပြေးဒုက္ခသည်တွေ တိုးပွါးနေတယ်။ ဘာဖြစ်လို့ ချန်လှပ်ခဲ့သလဲဆိုတဲ့အပေါ်မှာတော့ ဒါမေးခွန်းမေး ချင်စရာပေါ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်၊ ပြည်ထောင်စုတဝှမ်းလုံး ငြိမ်းချမ်းသာယာ ဝပြောချင်တယ် ဆိုရင် အားလုံးပါဝင်ရေး ကိုဖြစ်စေချင်တာပေါ့။”

တပ်မတော်အနေနဲ့ ၂၀၂၀ ခုနှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်စေရေး သန္ဓိဌာန်ချထားတဲ့အတိုင်း ဖြစ်မြောက်အောင်ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လက်ရှိစစ်ရေးပြင်းထန်နေတဲ့ရခိုင်ပြည်နယ်အတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားဖို့ မပါဝင်တဲ့အတွက် ရခိုင်ဒေသဘက်ကိုအင်အားသုံးပြီး ချေမှုန်းသွားမလားဆိုတဲ့ အချက်အပေါ် နိင်ငံရေး လေ့လာ သုံးသပ် သူတွေကနေ မေးခွန်းထုတ်စရာအနေအထားမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG