သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခ အရှိန်မြင့်


ရှမ်းပြည်နယ် ဂုတ်တွင်း ရဲစခန်းအပြင်ဘက်က မိုင်းခွဲခံထားရတဲ့တံတားပေါ်ကို ဖြတ်သွားနေတဲ့ အစိုးရစစ်သည်များ။

ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ကြား စစ်ရေးပဋိပက္ခ ပိုပြီးဆိုးရွား ကျယ်ပြန့်လာနေပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် တွေရှိနေပြီး လာရှိုးမြို့ရှမ်းဘုန်းကြီးကျောင်းမှာ လက်ရှိ လူပေါင်း ၁ ထောင်နီးပါး ခိုလှုံနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။

လာရှိုးနဲ့ ကွတ်ခိုင်မြို့က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကားတွေ တိုက်ခိုက်ခံရပြီး တဦးသေဆုံးပြီးအဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒီတကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုဟာ စစ်ရေးနည်းဗျုဟာအရ အရင်နဲ့ နှိုင်းယှဉ်ရင် ကြီးမားပြင်းထန်ကြောင်း ကူညီကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။ နောက်ဆုံးအခြေအနေတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

သြဂုတ်လ (၁၇) ရက်နေ့ မနက်ပိုင်း ရှမ်းပြည် မြောက်ပိုင်း လာရှိုးကနေသိန္နီဘက်အထွက် ၁၂ မိုင်ကွာဝေးတဲ့ နမ့်တွန်းရွာအနီး နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒဏ်ရာရပြီး ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ဖို့ သွားနေတဲ့ လားရှိုး လူငယ်များ လူမှုကူညီရေးအဖွဲ့ရဲ့ ယာဉ်ကားနှစ်စီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရပြီး အဖွဲ့ဥက္ကဌ ကိုထွန်းမြင့် သေဆုံးခဲ့သလို၊ အဖွဲ့ဝင် သုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

အခုလို ကယ်ဆယ်ရေးကားတွေကို ပစ်ခတ်ခဲ့တဲ့အဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်လက် နက်ကိုင် သုံးဖွဲ့က ဖြစ်ပြီးအရပ်သားတွေကို ပစ်ခတ်တဲ့လုပ်ရပ်ဟာ မှားယွင်းကြောင်း အပစ်မခံရတဲ့ ဒုတိယကားမှာ လိုက်ပါခဲ့တဲ့ လားရှိုး လူငယ်များလူမှု ကူညီရေးအဖွဲ့ဝင် ကိုအောင်ကျော်ဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ လူမှုကူညီရေးအဖွဲ့ဆိုတာက ဘက်မလိုက်ဘဲလုပ်တဲ့အလုပ်တွေကိုး။ ကျနော်တို့ အဲလိုမျိုး အပစ်ခံရတာကတော့ မကောင်းဘူးပေါ့။ စစ်တိုက်တယ်ဆိုတာ လူမှုကူညီရေးကားတွေကို ပစ်ခွင့်မရှိဘူးဆိုတာ သူတို့သိပြီးသားပဲ။”

မေး။ ။ ဥက္ကဋ္ဌရဲ့နာရေးကိုရော ဘယ်လို ပြင်ဆင်ထားသလဲ။

ဖြေ။ ။ ပြီးသွားပြီ။ နေ့လည် ငါးနာရီမှာ သင်္ဂြိုလ်ပြီးသွားပြီ။

မေး။ ။ လက်နက်ကြီးဒဏ်ရာကြောင့် သေသွားတဲ့အတွက်ကို သူတို့ အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကရော သက်ဆိုင်ရာဘက်ကရော ဘာတွေလာပြီးတော့ လုပ်ပေးသေးလဲရှင့်။

ဖြေ။ ။ ဘာမှမလုပ်ပေးဘူး အမ။ လာလည်း မကြည့်ဘူးပဲ။ မနက်ဖြန်ကျမှ လာမယ်လို့တော့ ပြောတာပဲ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တဲ့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး စစ်ကြောင်းအင်အားတွေများလာတဲ့အတွက် လာရှိုးမြို့တ၀ိုက်နား ရွာတွေက စစ်ဘေးဒုက္ခသည် တထောင်နီးပါး မန်ဆူရှမ်း ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြရတယ်လို့လည်း ကိုအောင်ကျော်ဦးက ဆိုပါတယ်။

“လူတွေကတော့၊ အားလုံးကတော့ …..။ ဒီတခေါက်ကတော့ တော်တော်ကြီးကို စိုးရိမ်စရာကောင်းတယ်။ လမ်းကြောင်းတွေ အကုန်ဖျက်ဆီးပစ်တာ။ စစ်ကူလာလို့မရအောင်…..”

မေး။ ။ အဲဒီမှာ လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ်ကရော သူတို့ရဲ့အခြေအနေကိုရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ သူတို့ကိုယ်သူတို့တောင် လုံခြုံရေးမပေးနိုင်ဘူးဆိုတော့ ပြည်သူလူထုအတွက် သိပ်မလွယ်လှဘူးခင်ဗျ။ လားရှိုး-မူဆယ် မိန်းလမ်းကြီးမှာ သူတို့က အဓိက ဆွဲမိုင်းတွေ ထောင်ထားတာ။

တိုက်ပွဲမှာ သုံးတဲ့ လက်နက်ကြီးတွေနဲ့ မိုင်းတွေကြောင့် လာရှိုးမြို့မှာလည်း လူတွေအပြင်မထွက်ရဲကြပဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ကိုအောင်ကျော်ဦးက ပြောပါတယ်။ လာရှိုးနဲ့ မိုင် ၄၀ ကျော်အကွာမှာရှိနေတဲ့ ကွတ်ခိုင်မြို့မှာ မနေ့ညနေက လူမှုကူညီရေးအဖွဲ့ လူနာတင်ကားတွေ အပစ်ခံရတဲ့အခြေအနေကို ကိုအောင်ကျော်ဦးက အခုလိုပြောပါတယ်။

“စစ်တပ်ကနေ အကူအညီတောင်းတာပေါ့နော်။ ပြည်သူ ၁ ယောက် ဒဏ်ရာရ၊ ထိသွားတယ်ဆို အကူအညီတောင်းလို့ သူတို့က သွားတာ။ လက်နက်ကိုင်တွေက သူတို့ကို တခါတည်း ဖမ်းထားလိုက်တာ။ နောက်ဆုံး တောင်းပန်ပြီးတော့ အဓိက ဒဏ်ရာရတဲ့လူနာကို လာပြီးကယ်တာပါ….အဲဒါ သူတို့က …… မောင်းပြေးလာတာပေါ့။ ကားတွေလည်း မှန်တွေကွဲလာတယ်။ နောက် အဲဒီက လူမှုကူညီရေး အသင်းသား ၂ ယောက်က ဒဏ်ရာရလာတယ်။”

AA ရခိုင်တပ်ဖွဲ့၊ တအဲာန်းပလောင် နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့ဟာ သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင်က တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ နောင်ချို ဂုတ်တွင်းတံတားနဲ့ ရဲစခန်း၊ ကျောက်မဲအထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နဲ့နယ်မြေခံတပ်ရင်းဌာနချုပ်စတဲ့ စုစုပေါင်း ငါးနေရာကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ရာမှာ အရာရှိ စစ်သည် ၉ ယောက်ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက်လည်း ကျဆုံးတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အစိုးရရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို လက်စားချေတုန့်ပြန်တာဖြစ်တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ တိုင်းရင်းသားနယ်မြေတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေ ဆက်ပြီးဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ တိုက်ခိုက်တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို တုန့်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG