သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မြို့နယ်တချို့ ငမြောင်တောင်ပိုးကြောင့် စိုက်ခင်းတွေပျက်စီး


ရှမ်း/တောင်နမ့်စန်မြို့နယ် အမှတ် ၅ ကျေးအုပ်စုအတွင်းမှ ပြောင်းစိုက်ခင်းများမှာ အမည်မသိ ပိုးမဲကောင်များ ကျရောက်ဖျက်စီး (ဓာတ်ပုံ- ဦးနေဇော်)
ရှမ်း/တောင်နမ့်စန်မြို့နယ် အမှတ် ၅ ကျေးအုပ်စုအတွင်းမှ ပြောင်းစိုက်ခင်းများမှာ အမည်မသိ ပိုးမဲကောင်များ ကျရောက်ဖျက်စီး (ဓာတ်ပုံ- ဦးနေဇော်)

ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ သီပေါမြို့နယ်တွေမှာ သီးနှံဖျက် အင်ဆက်ပိုးတမျိုးဖြစ်တဲ့ ငမြှောင်တောင် ပိုး ကျရောက် ဖျက်စီးခဲ့လို့ ပြောင်းစိုက်ခင်းဧက ရာကျော် ပျက်စီးခဲ့တယ်လို့ နယ်မြေခံတာဝန်ရှိ သူတွေက ပြောပါတယ်။ ပိုးကျရောက် ခဲ့တဲ့စိုက်ခင်းတွေကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကနေ ဆေးဖြန်းခြင်း ပညာပေးလုပ်ငန်းကူညီလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ သီပေါမြို့နယ်တွေမှာ ငမြှောင်တောင်ပိုးကျလို့ ဒေသခံတွေရဲ့ ပြောင်း ခင်း ဧက ပေါင်းရာ ချီ ပျက်စီးခဲ့ပါတယ်။ သိန္နီမြို့နယ် အတွင်း ငမြှောင်တောင်ပိုးကျတဲ့ အခြေအနေ ကိုတော့ ကိုယ်တိုင်ကွင်းဆင်းလေ့လာခဲ့တဲ့ ပြည်နယ် လွှတ်တာ်ကိုယ်စားလှယ် စိုင်းစိန်လူက အခုလို ပြောပါတယ်။

“အခုဆိုရင် မိုင်းလီအုပ်စုထဲ တအုပ်စုထဲတောင်မှ ဧက (၉၀) ကျော်နေပြီ။ (၉၈) ဧကလောက် ပျက် နေပြီ။ နောက်ထပ်ကူးနေတဲ့ ဟာလည်း ရှိသေးတယ်။ တခြားအုပ်စုတွေလည်း ရှိမှာပေါ့။ ပျက်စီး မှုတွေကိုက ခုတိတိကျကျရတာကတော့ မိုင်းလီအုပ်စု တအုပ်စုပဲ ရသေးတယ်။ တခြား အုပ်စုတွေလည်း ကောက်ခိုင်းနေတာမတက်လာသေးဘူး။ ဒီကောင်တွေက ပြန့်တာ မြန်တယ်ဗျ။ ၂၀-၂၁ ရက်နေ့က မိုင်းလီ ပန်ခမ်းရွာမှာပဲ စတွေ့တယ်။ အခု ဒီ လေးငါးရက်အတွင်းမှာ ကွန်ကော့ အုပ်စု ကောင်းချိန်ရွာဆို တာ ။ အဲမှာ သိန္နီမြို့နဲ့ဆို (၁၂) မိုင်လောက်ရှိတယ်။ ခုအဲဒီမှာမနေ့က စတွေ့ပြီ။ ပျက်စီးတာက နှစ်ဧက၊ သုံးဧကရှိသေးတယ်။ နောက်အခု သူတို့ ဆေးဖြန်းတယ်လေ။”

ငမြှောင်တောင်ပိုးတွေဟာ ညဘက်မှာ သီးနှံစိုက်ခင်းတွေကို ဖျက်စီးနေတယ်လို့ စိုင်းစိန်လူက အခုလိုပြောပါတယ်။

“နေ့ဘက်တော့ သူက သစ်ရွက်တွေမှာ ပုန်းနေတယ်။ ညဘက်မှ ပြောင်းပင်ပေါ်တက်ပြီး အရွက် ပြောင်းရွက်တွေရော အဖူးရယ် အကုန်လုံးစားတာ။ ဘယ်လောက်အထိ ဆိုးရွားတယ်ဆိုလို့ရှိရင် ငမြှောင်တောင်ပိုးသူက (၇) ဧက အကွက်ဆို တညပဲ ပြောင်တယ်။”

သိန္နီမြို့နယ် ပန်ခမ်းအုပ်စု ၊ မိုင်းလီအုပ်စု ကွန်ကော့ကျေးရွာအုပ်စုဘက်က ပြောင်းခြံတွေ ငမြှောင်တောင် ပိုးကျခဲ့ပြီး ပျက်စီးမှု ဧကပေါင်းကိုတော့ အတိအကျ မသိရသေးပေမဲ့ ဧကရာချီပျက်စီးခဲ့ပြီလို့ သိန်းနီမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

ငမြှောင်တောင်ပိုးကျရောက်တဲ့ကျေးရွာအုပ်စုတွေကို စိုက်ပျိုးရေး ဦးစီးဌာနကနေ ကြည့်ရှုစစ်ဆေးပြီး ဆေးဖြန်း ကာကွယ်ရေးအစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သိန္နီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစောသိန်းထိုက်က ပြောပါတယ်။

“မနေ့က အထိက ကျနော်တို့က (၁၀၀) ကျော်လောက်ရှိပါပြီ။ ပျက်စီးတာတွေရှိပါတယ်။ သက်ဆိုင် ရာစိုက်ပျိုးရေးဌာနအနေနဲ့ ငမြောင်တောင်ပိုးကျတဲ့ ကျေးလက်တောင်သူများကို ပိုးသတ်ဆေးများ ထောက်ပံ့ခြင်း တောင်သူများကို လက်တွေ့ဖြန်းခိုင်းခြင်း။ နောက်နည်းပညာတွေပေးတယ် သင်တန်းတွေပေးတယ်။ လက်တွေ့ လုပ်ပြတယ်။”

ရှမ်းပြည်နယ်သီပေါမြို့နယ် နမ့်မော်ဆွေအုပ်စု ၊ မမုန့်ဟင်ရွာ၊ ပန်မိတ်ရွာ၊ မိုင်းနင်းရွာတွေဘက်က ပြောင်းခြံတွေ ပိုးကျမှုဖြစ်ပွါးခဲ့ရာမှာ စိုက်ပျိုးရေး ဌာနအနေနဲ့ ဆေးဖြန်းပညာပေးမှုရှိခဲ့သလို ပြောင်း ခင်းပျက်စီးမှုအခြေအနေ ကိုတော့ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမိုးကျော်စွာဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ အခုနောက်ဆုံးအခြေအနေကတော့ ပျက်စီးမှုတွေကို ကွင်းဆင်းပြီးတော့မှ စစ်ဆေး ကောက်ယူဆဲပဲလို့ နော်။ ပိုးကျမှုတော့ ကျနော်တို့ နှိမ်နှင်းနေတာပေါ့လေ။ နောက်ပညာပေး လုပ်ငန်းတွေ ကျနော်တို့ ဆောင်ရွက် နေတယ်။ အဲတာလေးတွေတော့ဆောင်ရွက်နေတယ်လို့။ အဲ ကျနော်တို့ နမ့်လျန်ပေါ့ နောက်-နန့်မော်ဆွေ၊ ပန်မိတ်၊ မိုင်းနင်း၊ အဲဒီကျေးရွာ (၄) အုပ်စုမှာ အဖြစ်များ တယ်ပေါ့။ ပျက်စီးမှုခန့်မှန်းခြေကတော့ ဧက (၉၀) ကျော် လောက်တော့ ရှိမယ် ခင်ဗျ။ အပင်ငယ် ဆိုရင်တော့ပျက်စီးသွားတာပေါ့။ တချို့ဟာ အဖူးရှိမယ်ဆိုရင် နည်းနည်း ထိခိုက်တာလောက်ပဲ ရှိမှာပေါ့နော်။”

ငမြှောင်တောင်ပိုးတွေဟာ ပြောင်းပင်သာမက နုနေသေးတဲ့အဖူးတွေကိုပါ ဖျက်စီးနေပြီး စိုက်ပျိုးရေး ဦးစီးဌာနကနေ ကူညီနှိမ်နှင်းပေးနေတယ်ဆိုပေမဲ့ ကျရောက်နေတဲ့ပိုးနဲ့ ဖြန်းဆေးလုံလောက်မှု အားနည်းနေတယ်လို့ သီပေါဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က ဆိုပါတယ်။

“သူတို့ ဒီအရွက်တွေကိုက်စားပစ်တဲ့အပင်တွေကတော့ တပင်လုံးကျွတ်နီးပါး အရွက်တွေက ပြောင် သွားတာပေါ့။ ပြောင်း ဖူးတွေကလည်း သိပ်မရင့် သေးဘူး ဗျ။ သက်တမ်းက နည်းနည်း လိုသေးတာ ပေါ့။ ကျနော် လိုက်လေ့လာကြည့်တဲ့အခါကျတော့ သူတို့လာပေးတဲ့ဆေးတွေကလည်း ဒီလောက် လည်း များများစားစားမရှိဘူးပေါ့ဗျာ။ ဒီပိုးကလည်း ရေရှည်ဘယ်လောက်အထိ ရှိနိုင်မလဲတော့ မပြောတတ်ဘူး။”

ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ သီပေါ လားရှိုးစတဲ့မြို့နယ်တွေမှာ ငမြောင်တောင်ပိုးကျရောက်လို့ စိုက်ခင်း ဧက(၂၀၀) ကျော် ပျက်စီးခဲ့တယ်လို့ ခန့်မှန်းပြောဆိုနေပေမဲ့ စာရင်းအတိအကျ မကောက်ယူနိုင်သေးတဲ့အခြေအနေမှာရှိနေ ပါတယ်။

ဒီပိုးတွေဟာ အိန္ဒိယနိုင်ငံကနေလာတဲ့ပိုးမျိုးဖြစ်သလို တညအတွင်း ကီလိုမီတာ ၁၀၀ အထိ ပျံသန်း သွားနိုင်ပြီး သီးနှံမျိုးပေါင်း ၈၀ ကျော်ကို စားသောက်ဖျက်ဆီးနိုင်ပါတယ်။

ဒီငမြှောင်တောင်ပိုးကို ထိရောက်စွာနှိမ်နင်းနိုင်မှု မရှိရင် စားနပ်ရိက္ခာဖူလုံမှုအပေါ် များစွာ သက်ရောက်နိုင်တဲ့ ဖျက်ပိုး ဖြစ်သလို အိန္ဒိယနိုင်ငံကတဆင့် အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွေကို လျှင်မြန်စွာ ပြန့်နှံ့နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကနေ သတိပေး နှိုးဆော်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG