သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုတွေအားလုံး ရပ်စဲဖို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ တောင်းဆို


ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်တဲ့ KIA, SSPP/SS, AA, TNLA, MNDAA နှင့် NDAA တို့ ၂၀၁၈ မတ်လအတွင်းက ဆွေးနွေးပွဲမြင်ကွင်း။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်တဲ့ KIA, SSPP/SS, AA, TNLA, MNDAA နှင့် NDAA တို့ ၂၀၁၈ မတ်လအတွင်းက ဆွေးနွေးပွဲမြင်ကွင်း။

ကချင်၊ တအန်း (ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေ စုစည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လက်တွေ့ ကျတဲ့ အပစ်အခတ်ရပ်စဲရေးကို စတင်ပြီး အဓိက တိုက်ပွဲဖြစ်နေတဲ့ သူတို့ ၄ ဖွဲ့နဲ့ တပ်မတော်အပါအဝင် အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ကမ်းလှမ်းလိုက် ပါတယ်။ လက်တွေ့ကျတဲ့ အပစ်အခတ် ရပ်စဲ ဖို့ဆိုရင် မြောက်ပိုင်းမဟာမိတ် အဖွဲ့မှာပါဝင်တဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်စဲရေး ကို တောင်းဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်ကတင်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၁ ရက်နေ့က ကချင်နဲ့ရှမ်းပြည်နယ်ရှိ စစ်တိုင်း ၅ တိုင်း နယ်မြေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထုတ်ပြန်လိုက်တဲ့ အပေါ် KIA ကချင် လွတ်လပ်ရေး အဖွဲ့၊ TNLA တအန်း(ပလောင်) တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ AA ရခိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးပြီး သူတို့ သဘောထားကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဓိက လိုလားချက်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူ TNLA တအန်း (ပလောင်) တပ်ဖွဲရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ မြောက်ပိုင်းမဟာမိတ် အဓိက လိုလားတာကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကို လက်တွေ့ ကျကျ ဘယ်လို ရပ်စဲမလဲ။ ကျနော်တို့ အဓိက လိုလားပါတယ်။ ကျနော်တို့ နှစ်ဘက် ဒီလို အပစ်အခတ်ရပ်စဲ ရေးတွေ ဆောင်ရွက်နိုင်မှသာလျှင် တဆင့်တိုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့ ဟာတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခု တိုက်ပွဲဖြစ်နေတာကလည်း အထူးသဖြင့် ဒီ ၄ ဖွဲ့နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ ၄ ဖွဲ့က မြန်မာ့တပ်မတော်ပါဝင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

လက်တွေ့ကျတဲ့အပစ်အခတ်ရပ်စဲရေးစတင်ရေးနဲ့ပတ်သက်ပြီး အခုလို ဆက်ပြောပါတယ်။

“အခုအနောက်ပိုင်းတိုင်းဖြစ်တဲ့ ရခိုင်ဒေသမှာ အတူတူဆွေးနွေးတဲ့အထဲမှာ ပါတဲ့ ULA/AA ၊ AA တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ကျနော်ထင်တယ်၊ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ဆွေးနွေးဖို့ ဘယ်လို မှ ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ အဲဒီမှာလည်း ရပ်စဲရေးပေးဖို့ လိုတယ်။ ရပ်တန့်ပေးဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်။ အဲလို ရပ်တန့်ပေးမှာသာလျှင် ကျနော်တို့ ဘက်ကလည်း ကျနော်တို့ရဲ့တပ်တွေကို ကျနော်တို့ ထိန်းချုပ်နိုင်မယ်။ ရပ်တန့်နိုင်မယ်။ အဲဒါဆိုရင် လက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးတွေ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ ၄ ဖွဲ့နဲ့ တရုတ်ပြည်မှာ ဆွေးနွေးဖို့နဲ့ ဆွေးနွေးစဉ်မှာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC မှာ ပါဝင်တဲ့ UWSA- ဝ၊ NDAA မိုင်းလားနဲ့ SSPP ရှမ်း- မြောက်အဖွဲ့တွေကို အသိသက်သေအဖြစ် ပါဝင်ဖို့လည်း တောင်းဆို ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နှစ်ခုမှာ ကွဲလွဲချက်တွေ တွေ့နေရကြောင်း ပြောပါတယ်။

“ထုတ်ပြန်ချက် ၂ ခုကို ကြည့်လိုက်ရင် ကွဲလွဲချက်တွေ အများကြီးသွားတွေ့ရတယ်။ တပ်မတော် ဘက်ကတော့ စစ်တိုင်း ၅ တိုင်းပဲ ကြေညာတယ်။ ရခိုင်ပြည်နယ်က တိုင်းမပါဘူးပေါ့။ ဒီဘက် ကတော့ အဲဒါကို တောင်းဆို တယ်။ အဲဒါတွေမှာ ရပ်ဆိုင်းပေးတဲ့အခါကျတော့မှ သူတို့ကလည်း အပစ်တခါပြန်ရပ်ဆိုင်းမယ်ဆိုတဲ့သဘောမျိုး အဲဒါတခုက အခက်အခဲရှိတယ်။ နောက် တပ်မတော် ဘက်ကတော့ သူ့ ထုတ်ပြန်ချက်မှာ ၂ ခါလောက် ရေးထားတယ်။ အဲဒီထဲမှာ တဖွဲ့ချင်းနဲ့ပဲ တွေ့မှာ။ ဒါပေမဲ့ ဟိုဘက်က ရေးတဲ့ဟာကလည်း တိတိကျကျပဲ သူတို့ကလည်း တောင်းတယ်။ သူတို့က ၄ ဖွဲ့လုံးပေါင်းပြီးတော့ တွေ့မယ်။ အဲလိုမျိုးပေါင်းတွေ့တဲ့ဆီကို ဝတို့၊ မိုင်းလားတို့၊ SSPP တို့ကလည်း သက်သေအနေနဲ့ တက်မယ်။ ပြီးရင်ဆွေးနွေးပွဲတွေကလည်း တရုတ်ပြည်မှာပဲ လုပ်မယ်။ အဲတော့ ပထမဆုံး ဆွေးနွေးပွဲတွေ စဖို့အတွက်တောင်မှ ခက်နေမယ်ဆိုတဲ့သဘောတော့ တွေ့ရတယ်။”

မြောက်ပိုင်းမဟာမိတ်ဘက်ကတော့ ဒီတောင်းဆိုတာဟာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တရုတ်ပြည်မှာ ၃ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အချက်အပေါ် အခြေခံပြီးတောင်းဆိုတာဖြစ်ကြောင်း၊ ဇန်နဝါရီလမှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ သဘောတူထားတာကြောင့် တပ်မတော် အပါအဝင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ အဲဒီအချိန်မှာ စတင်ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အပေါ် တပ်မတော်ရဲ့ သဘောထားကို မေးမြန်းနိုင်ဖို့ တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံး၊ ဒုတိယညွန်ကြားရေး မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG