သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံဖိတ်ကြားရင် မြောက်ပိုင်းအဖွဲ့များ မဟာမိတ်အစုအနေနဲ့ တက်မည်


 မြောက်ပိုင်းအဖွဲ့များနှင့် နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံစဉ် (myanmar state counsellor office)
မြောက်ပိုင်းအဖွဲ့များနှင့် နိုင်ငံတော်အတိုင်ပင်ခံတွေ့ဆုံစဉ် (myanmar state counsellor office)

လာမယ့် ဇန်နဝါရီလကုန်မှာကျင်းပသွားမယ့် ပြည်ထောင်စုညီလာခံခေါ် ၂၁ ရာစု တတိယအကြိမ်ပင်လုံညီလာခံကိုတက်ရောက်ဖို့ အစိုးရကနေဖိတ်ခေါ်မယ်ဆိုရင် တဖွဲ့ချင်းအနေနဲ့မဟုတ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အနေနဲ့သာတက်ရောက်မယ်လို့ မြောက်ပိုင်းဒေသလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် အဖွဲ့တို့တွေ့ဆုံမှု မှာ NCAလက်မှတ်ရေးထိုးရေးနဲ့ ၂၁ပင်လုံညီလာခံ တက်ရောက်ဖို့ အစိုးရရဲ့ဖိတ်ခေါ်မှု အပေါ် မဟာမိတ်အဖွဲ့တွေတုံ့ပြန်ပြောဆိုခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် တွေ ကပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန် ကနေအခုလို သတင်းပေးပို့ထားပါတယ်။

NCA လမ်းကြောင်းကိုလက်မခံသေးတဲ့ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းဒေသ လက်နက်ကိုင် အဖွဲ့(၇)ဖွဲ့နဲ့စုဖွဲ့ထားတဲ့ FPNCC အဖွဲ့အနေနဲ့ မြန်မာအစိုးရကဖိတ်ခေါ်မယ်ဆိုရင် ၂၁ရာစု တတိယ အကြိမ်ပင်လုံညီလာခံ ကို တက်ရောက်မယ်လို့ တအာင်းပလောင်အဖွဲ့TNLAအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် ကပြောပါတယ်။

"အဲဒီတွေ့ဆုံခဲ့တဲ့အဖွဲ့ထဲက တာဝန်ရှိသူတချို့ ကျွန်တော်တို့ကိုပြန်ပြောပြတာကတော့ သူတို့အနေနဲ့တော့ NCA ထိုးဖို့ကိစ္စရော ၂၁ရာစု ပင်လုံညီလာခံ တတိယအကြိမ် တက်ဖို့ကိစ္စရော ဒါတွေကFPNCC နဲ့ဘဲဆိုင်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက FPNCC ရဲ့ကော်မီတီအဖွဲ့ဝင်တွေဖြစ်တဲ့အတွက်ကြောင့် FPNCCကဘဲ ဆုံးဖြတ်သွား လိမ့်မယ်။ အစိုးရအနေနဲ့ FPNCCကို ဖိတ်မယ်ဆိုရင် FPNCC အနေနဲ့ဆွေးနွေးခွင့်တွေ ရှိမယ်။ဖြစ်နိုင်တဲ့အနေအထားဆုံးဖြတ်ချက်ရှိထားပြီးသားအဲဒီလိုဖိတ်ရင်တက်မယ်"လို့ပြောပါတယ်။

အစိုးရကဖိတ်ခေါ်ရင် မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်းတက်ရောက်မှာမဟုတ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ FPNCC အနေနဲ့သာတက်ရောက်သွားမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၅)ရက်နေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့UWSAဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့အတွင်းသီးခြားတွေ့ဆုံမှာNCAလက်မှတ်ရေးထိုးရေးနဲ့ ၂၁ရာစုပင်လုံညီလာခံ တက် ရောက်ရေးအတွက်ဆွေးနွေးခဲ့ကြတာပါ။

ဒီတွေ့ဆုံမှုကနေ NCAခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးဖို့အတွက်ကိုလဲ အစိုးရ ကော်မရှင်ဘက်ကတိုက်တွန်းခဲ့ပေမဲ့ သီးခြားတဖွဲ့ခြင်းမဆွေးနွေးဘဲ မြောက်ပိုင်းအဖွဲ့(၇)ဖွဲ့နဲ့သာဆွေးနွေးလိုကြောင်း ပြောဆိုခဲ့ တယ်လို့ ဗိုလ်မှူးကြီးတာဘုန်းကျော် ကပြောပါတယ်။

"အခု NCAထိုးမယ် မထိုးဘူးဆိုကိစ္စလဲ လိုအပ်ချက်ကလဲ မြန်မာအစိုးရကိုယ်စားလှယ် တွေအဲဒီလိုပြောခဲ့ပါတယ်။ ဒီNCAကိစ္စကိုလဲ FPNCCကော်မီတီအနေနဲ့ဆွေးနွေးတာအကောင်းဆုံးဖြစ်မယ်။ ကျွန်တော်တို့တဖွဲ့ချင်းအနေနဲ့သီးသန့် ဆွေးနွေးဖို့မလိုဘူး။ မဆွေး နွေးနိုင်သေးဘူး ဒီလိုဘဲပြောခဲ့တယ်လို့ပြောပါတယ်။ ဒီကိစ္စကိုလဲ FPNCCမှာဘဲဆွေးနွေးမယ်ဆိုပြီးတော့ အဲဒီလိုဘဲတုန့်ပြန်ခဲ့တယ် လို့ကျွန်တော်သိရပါတယ်။"

ဒီဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာဆွန်ကော်ရှန်းကနေ ကြားဝင်ညှိနှိုင်းခဲ့လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဌဦးသိန်းဇော် ခေါင်းဆောင်အဖွ့ဲနဲ့ KIO UWSAအဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

တရုတ်နိုင်ငံအတွင်းတွေ့ဆုံမှုအခြေအနေကို အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကိုဆက်သွယ်မေးမြန်းရာမှာတော့၎င်းအနေနဲ့မသိရှိသေးဘူးလို့ဆိုပါတယ်။

ငြိမ်းချမ်းရေးအလုပ်ကိုကျွန်တော်တို့ခေါင်းဆောင်တွေသွားနေပါတယ်။ အခြေအနေတွေမသိရသေးဘူးခင်ဗျ။ ကျွန်တော်ကလဲ ရန်ကုန်ကိုပြန်တက်ပြီးမှ ဒီအကြောင်းတွေကို ငြိမ်းချမ်းရေးကော်မရှင်အစည်းဝေးမှာမှသိရမှာဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်မှုကိစ္စတွေမှာ တရုတ်နိုင်ငံအနေနဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ဒီကနေ့မှာလဲ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စား လှယ် မစ္စတာစွန်းကော်ရှန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ဒေါ်အောင်ဆန်းစုကြည်ကနေ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမမှာ လက်ခံတွေ့ ဆုံ ခဲ့သလိုမြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင် ငံ အနေနဲ့အမေရိကန်ဒေါ်လာတစ်သန်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကိစ္စ ရခိုင်ပြည်နယ် အရေးကိစ္စရပ်တွေနဲ့ပက်သက်ပြီးအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံမှာလဲ မြောက်ပိုင်းအဖွဲ့(၇)ဖွဲ့ကို အထူးဖိတ်ကြားသူအဖြစ် တက်ရောက်နိုင်ရေးအတွက် တရုတ်အစိုးရကနေညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

လက်ရှိမှာ မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ကိုးကန့်တပ်ဖွဲ့ တအာင်းပလောင် တပ်ဖွဲ့ ရခိုင့်တပ်မတော်AAတပ်ဖွဲ့တို့နဲ့မြန်မာ့တပ်မတော်တို့အကြားမှာတိုက်ပွဲတွေဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

ဒီလိုဖြစ်ပွါးနေဆဲစစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် လက်ရှိကျင်းပမဲ့ငြိမ်းချမ်းရေးညီလာခံဟာလဲ အကျိုးသက်ရောက်မှု မရှိဘူးလို့ဗိုလ်မှူးကြီးတာဘုန်းကျော် ကပြောပါတယ်။

"အခုဖြစ်နေတဲ့တိုက်ပွဲတွေကတော့ ဒေါ်အောင်ဆန်းစုကြည်တို့မြန်မာအစိုးရလုပ်ချင်တဲ့ ငြိမ်းချမ်းရေးညီလာခံနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေဖြစ်နေရင်တော့ ဘာမှအဖြေထွက်လာမှာမဟုတ်ဘူးကျွန်တော်တို့မြင်ပါတယ်။"

NCAခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့ကတော့ NCAလမ်းကြောင်းဟာ အားနည်းချက်တွေရှိနေပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပက်သက်ပြီးအတူပူးပေါင်းပြင်ဆင်ဖို့လိုအပ်တယ်လို့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဌခွန်မြင့်ထွန်းကဆိုပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပက်သက်လို့ကတော့ အားလုံးအတူပူးပေါင်းပါဝင်ဆောင်ရွက်ကြမှဖြစ်မှာပါ။ NCAလမ်းကြောင်းမှာတော့ ချို့ယွင်းချက်တွေ အားနည်းချက်တွေ ဒါတွေရှိမယ်။ သို့သော် အဲဒီ ချို့ယွင်းချက်တွေ အားနည်းချက်တွေ ကျွန်တော်တို့က ပြင်စရာရှိတာအတူပြင်ပြီးတော့မှ အားကောင်းချက်တွေ အားသာချက်တွေ အကုန်လုံးရယူဖို့လိုပါတယ်။"

လာမယ့် ဇန်ဝါရီလကုန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် ၂၁ရာစု ပင်လုံတတိယ အကြိမ်ညီလာခံကိုကျင်းပတော့မှာဖြစ်သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့(၇)ဖွဲ့နဲ့ UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ညီလာခံတက်ရောက်ဖို့မသေချာသေးပါဘူး။

မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နဲ့စုဖွဲ့ထားတဲ့ FPNCCအဖွဲ့တွေဟာ မြန်မာအစိုးရကနေလုပ်ဆောင်နေတဲ့ NCAလမ်း ကြောင်းကိုလက်မခံဘဲ သီးခြားငြိမ်းချမ်းရေးလမ်းကြောင်းသစ်ကိုလိုလားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG