သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းစစ်ရေးမဟာမိတ်များ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံမည်


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ညီလာခံ တက်ရောက်လာသော မြောက်ပိုင်းမဟာမိတ်များကို နှုတ်ဆက်စဉ် (myanmar state counsellor office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ညီလာခံ တက်ရောက်လာသော မြောက်ပိုင်းမဟာမိတ်များကို နှုတ်ဆက်စဉ် (myanmar state counsellor office)

UWSA ဦးဆောင်တဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ ငြိမ်းချမ်းရေးညီလာခံ အပြင်ပန်းမှာ ဒီကနေ့ သီးခြားတွေ့ဆုံခဲ့သလို၊ မနက်ဖြန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါ့အပြင် မြောက်ပိုင်းအဖွဲ့က ဆွဲထားတဲ့ ငြိမ်းချမ်းရေးမူစာတမ်းကိုလည်း ငြိမ်းချမ်းရေးကော်မရှ်ငကို ဒီကနေ့ လွဲှပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးညီလာခံမှာ သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ က နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့နေပြည်တော် Horizon ဟိုတယ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) နဲ့ မြောက်ပိုင်း ၇ဖွဲ့ တွေအလွတ်သဘောတွေ့ဆုံကြပါတယ်။ တွေ့ဆုံမှုမှာဘယ်အကြောင်းအရာတွေဆွေးနွေးသလဲဆိုတာ ကိုတော့ နှစ်ဖက်စလုံးက ပြောဆိုဖို့ငြင်းဆန်ကြပါတယ်။ မြောက်ပိုင်းအဖွဲ့က ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးမူကိုလည်း အစိုးရစီချပြလိုက်သလို မီဒီယာတွေကို လည်းဖြန့်ဝေခဲ့ပါတယ်။ သူတို့လက်ခံထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ဆက် သွားမယ့်လမ်းကြောင်းနဲ့ပတ်သတ်လို့ ဝဒေသ ပြည်ပ ဆက်သွယ်ရေးတာဝန်ခံ ကျောက်ကော်ရှမ်းကို မေးမြန်းတာမှာ သူက

“အခုဖွဲ့ထားတဲ့အဖွဲ့ဟာ အစိုးရကိုတိုက်ဖို့မဟုတ်ဘူး ကျနော်တို့ က မြန်မြန်ဆန်ဆန်ပြည်တွင်းပြဿနာကို ဖြေရှင်းဖို့ဖွဲ့ထားတဲ့ အဖွဲ့အစည်းပါပြုပြင် ထား တဲ့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ငြိမ်းချမ်းရေးလမ်းစဉ် အတိုင်းသွားမှာပါ ခုထိတော့ဒီငြိမ်းချမ်းရေး လမ်းစဉ်ဟာခက်ခဲကြုံ တွေ့တဲ့ အခြေအနေမှာရှိနေတုန်းပဲ” လို့ပြောပါတယ်။

တွေ့ဆုံမှုနဲ့ပတ်သတ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)က ဒေါက်တာတင်မျိုးဝင်းကတော့ တွေ့ဆုံ မှုနဲ့ပတ်သတ်လို့ အလွတ်သဘောတွေ့ဆုံမှုဖြစ်ပြီး အကောင်းဆုံးအခြေအနေတခုလို့ရှုမြင်ထားပြီး တင်ပြလာတဲ့သူတို့မူကိုလည်း အစိုးရကိုချပြမယ်လို့ပြောဆိုခဲ့ပါတယ်။

“အမှန်တော့ ဆွေးနွေးတာမပါဘူး လာပြီးတော့ Social ပဲ အားလုံးလာတဲ့အတွက် တဖွဲ့ချင်းစီနဲ့ တွေ့တယ် ။ အားလုံးနဲ့ ကျနော်တို့ နားလည်မှုရှိတယ်။ လာတဲ့ အားလုံးကိုကျေးဇူးတင်တယ် ။ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်တူတဲ့အတွက် အားလုံးကို ၂ ဖက်စလုံး ကျနော်တို့ ကျေကျေနပ်နပ်ဆွေးနွေးဖြစ်တယ် ။ ဒီလောက်ပါပဲ။”

မနက်ဖြန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံမယ့်အခြေအနေနဲ့ပတ်သတ်ပြီး သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက

“မနက်ဖြန်နေ့လည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ သူ့ဇနီးကို နေ့လည်စာ ထမင်းကျွေးမှာ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် ကျနော်တို့ KIA ရယ် SSPP ရယ် ၀ ရယ်၊ မိုင်းလားရယ် ဒီ ၄ဖွဲ့နဲ့တွေ့မှာဖြစ်ပါတယ်။ အဲဒါပြီးရင် မြောက်ပိုင်း၃ ဖွဲ့ AA ၊ TNLA ၊ MNDAA နဲ့ တွေ့မှာဖြစ်ပါတယ်။ တွေ့တဲ့အပိုင်းကတော့ ကျနော်တို့ ဒီနေပြည်တော်ကို ဒီမြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့လုံးရောက်လာတယ်၊ ညီလာခံ တက်တယ်၊ ညစာစားပွဲတက်တယ် အဲဒီအပေါ်မှာ နေပြည်တော်ရောက်လာတဲ့ ဧည့်သည်တွေကို ကျနော်တို့ နွေးနွေးထွေးထွေးကြိုဆိုတဲ့ ၊ ပြုစုတဲ့သဘောပေါ့နော် Private ပေါ့နော် အဲဒီသဘောနဲ့ တွေ့သွားမှာပါ။ နံပတ်၁ကတော့Private တွေ့ဆုံမူ ပေါ့နော်၊ လူမှုရေးအရ တွေ့ဆုံမှု ဖြစ်တဲ့အတွက် သတင်း မီဒီယာကို ဝင်ခွင့်မပေးပါဘူး။ နောက်တချက်ကတော့ ထမင်းခေါ်ဖိတ်ကျွေးတဲ့အတွက် အိမ်မှာဖြစ်တဲ့အတွက် မီဒီယာကို ဝင်ခွင့်မပေးပါဘူး။”

မြောက်ပိုင်းအဖွဲ့က သူတို့လက်ခံထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ဆက် သွားဖို့စီစဉ်ထားပေမယ့် မနေ့ကစတင်ကျင်းပတဲ့ ဒုတိယကြိမ် ပင်လုံညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံကကော၊ တပ်မတော်ဘက်ကပါ NCA မူအတိုင်းဆက်သွားမှသာလက်ခံမယ်လို့ ပြောဆို ထားသလို ဗွီအိုအေကနေလိုက်လံမေးမြန်းချက်အရ အချို့သော NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားအဖွဲ့တွေကလည်း နောက်ထပ် မူ တခုနဲ့ထပ်မံပြီးအစကနေ ပြန်ဆွေး နွေးလိုစိတ်မရှိကြပါဘူး။

သူတို့မူနဲ့သာဆက်သွားဖို့ လုပ်ဆောင်နေပေမယ့် အစိုးရဘက်က လက်မခံလာရင် ဘယ်လိုရှေ့ဆက်ဖို့ခက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်လာမလားလို့မေးမြန်းမှု တွေကို ကျောက်ကော်ရှမ်းကတော့ လက်မခံလည်း ငြိမ်းချမ်းရေးရအောင်လုပ်မယ် လို့ပြောဆိုခဲ့ပါတယ်။

မြောက်ပိုင်းအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဒေါက်တာညိုထွန်းအောင် ပြောပြချက်အရ လက်ရှိသူတို့ကိုင်စွဲထားတဲ့မူဟာ NCAစာချုပ်နဲ့ ၇၀ ရာခိုင်နှုန်းတူတယ်လို့ ဗွီအိုအေကမေးမြန်းစဉ်ဖြေထားခဲ့ပါတယ်။

ဒီကနေ့မှာမြောက်ပိုင်းအဖွဲ့ရေးဆွဲထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ကိုချပြခဲ့သလို အဲဒီမှာ နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေလက်ခံတဲ့ အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ထုတ်ပြန်လိုက်တဲ့ အပစ်အခတ်ရပ်စဲ ရေး စာချုပ်မှာအခန်း၈ခန်း ပါဝင်ပါတယ်။ အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်တွေမှာတော့ အဓိကအချက်ကြီး ၁၅ချက်နဲ့တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG