သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းတိုင်းမှူးကို အနားပေးပြီး လူစားထိုးခန့်အပ်


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကားပေါ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်သားတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၅၊ ၂၀၁၃)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကားပေါ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်သားတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၅၊ ၂၀၁၃)

ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိန်းသိမ်းစစ်ဆေးခံရတဲ့ စစ်ကောင်စီ မြောက်ပိုင်း တိုင်းမှူးကို အနားပေးပြီး၊ အစားထိုးခန့်လိုက်ပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်ဌာနချုပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေချိန် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့ အဆင့်မြင့်စစ်အရာရှိတချို့ကို ပြီးခဲ့တဲ့သီတင်းပတ်ထဲက နေပြည်တော်ကို ခေါ်ယူစစ်ဆေးခဲ့အပြီး၊ အခု အနောက်မြောက်တိုင်း စစ်ဌာနချုပ်အောက်မှာရှိတဲ့ ကလေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးမှူးနဲ့ အစားထိုးလိုက်တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက VOA မြန်မာပိုင်းကို အတည်ပြုပါတယ်။

ကလေးအခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်စိုးလှိုင်ကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးပေးပြီး ပြီးခဲ့တဲ့အပတ် ကြာသပတေးက ထိန်းသိမ်းခံရတဲ့ ဗိုလ်ချုပ်ကိုကိုမောင်နေရာ အစားထိုးလိုက်တာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက VOA ကို ပြောပါတယ်။ ကချင်တိုင်းရင်းသားလက်နက်ကိုင် KAI ဌာနချုပ် လိုင်ဇာအနီး အထူးစစ်ဆင်ရေးမှာ အဓိကတာဝန်ရှိတဲ့ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့ အဆင့်မြင့်စစ်အရာရှိ ၆ ဦးကို KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လာဘ်စားမှုနဲ့ အခုလို စစ်ဆေးနေတာလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOA က မေးမြန်းခဲ့ပေမဲ့ အခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ အခု မြောက်ပိုင်းတိုင်းမှုးသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်စိုးလှိုင်ဟာ ကချင်အတွေ့အကြုံရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်မှာ ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်းရေးကွပ်ကဲမှုဌာနချုပ်တွေမှာ တာဝန်ကျခဲ့ဖူးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်၊

အခုလိုမြောက်ပိုင်းတိုင်း တိုင်းမှူး အပြောင်းအလဲ ဖြစ်သွားသလို၊ နောက်ထပ် တိုင်းမှူးနဲ့ အဆင့်မြင့်အရာရှိကြီးတချို့ အပြောင်းအလဲတွေလည်း ရှိပါတယ်၊ အရင် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ် နီလေးမောင်ကို ဒုဗိုလ်ချုပ်ကြီးရာထူးနဲ့ ရဲချုပ်နဲ့ ပြည်ထဲရေး ဒုဝန်ကြီး ခန့်အပ်တာကို စစ်ကောင်စီက သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တြိဂံဒေသတိုင်းမှူးနေရာကိုတော့ ရှမ်းပြည်နယ် ကလောမြို့မှာရှိတဲ့ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို အစားထိုးခန့်ထားလိုက်တယ်လို့လည်း နီးစပ်သူတွေက VOA ကိုပြောပါတယ်။

XS
SM
MD
LG