သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်ရဲ့ မြောက်ပိုင်း အိုင်ယာလန်ခရီး


 ၈၈ မျိုးဆက်များနဲ့ အိုင်ယာလန်အစိုးရတရားရေး ဝန်ကြီး တွေ့ဆုံစဉ်။ (ဂျွန်လ ၂၁၊ ၂၀၁၃။)
၈၈ မျိုးဆက်များနဲ့ အိုင်ယာလန်အစိုးရတရားရေး ဝန်ကြီး တွေ့ဆုံစဉ်။ (ဂျွန်လ ၂၁၊ ၂၀၁၃။)
မြောက်ပိုင်းအိုင်ယာလန်မှာ ၂ ရက်ကြာခရီး ရောက်နေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဒီခရီးစဉ်အတွင်း စံနမူနာယူစရာ အတွေ့အကြုံကောင်းတွေ အများကြီး ရရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ အသိုင်းအဝိုင်း နှစ်ခုကို ဘယ်လို ချိတ်ဆက်မလဲ၊ ပြီးတော့ ပြဿနာဖြေရှင်းနည်း၊ ငြိမ်းချမ်းရေး တည်ဆောက်ပုံတွေကို အဓိက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနေအထားအရ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင် ရှိဖို့ိ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါရှင်။

မနေ့ ကြာသပတေးနေ့က သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်အတွင်း ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ အိုင်ယာလန်နိုင်ငံရဲ့ တရားရေးဝန်ကြီး ဒေးဗစ် ဖို့ဒ်အပါအဝင် လူမှုကူညီရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးကော်မရှင်တို့နဲ့ တွေ့ဆုံခဲ့ကြပြီးတော့ မြောက်ပိုင်းအိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့မှု ဖြစ်စဉ်တွေနဲ့ လက်ရှိအနေအထားတွေကို လေ့လာခဲ့ကြတာဖြစ်တယ်လို့ ဒီခရီးစဉ်မှာပါဝင်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေး က ပြောပြပါတယ်။

“အဓိက-က ကက်သလစ် နဲ့ ပရိုတက်စတင့်နဲ့ ကြားထဲမှာ ဖြစ်ပွားတဲ့
ပြဿနာတွေကို ခြုံမိလုပ်တဲ့အခါတွေ၊ နောက်တစ်ခုက transitional justice နဲ့ပတ်သက်တဲ့ကိစ္စတွေ Human Rights ကော်မရှင်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ကျနော်တို့ လေ့လာရတာပဲဗျ။ အဓိက ကတော့။”

လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကွာဟချက်တွေက အများကြီးရှိပေမဲ့ - မပြေလည်တဲ့ အသိုင်းအဝိုင်း နှစ်ခုကို ပေါင်းစပ်ဖို့အတွက် လူငယ်တွေက စခဲ့တာနဲ့ အတိတ်ကို မေ့မထားဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်တာတွေကိုလည်း စံနမူနာ ယူစရာ တွေ့ခဲ့ရတယ်လို့ ကိုမြအေးက ဆက်ပြောပါတယ်။

“—ဒီဘက်ကလူတွေအနေနဲ့က သူတို့ရဲ့ ဉာဏ်ရည်မြင့်မားမှုကလည်း ကျနော်တို့ထက် အများကြီးသာတယ်လေ။ အဲဒါ ပညာသင်ကြားမှုစနစ်တွေရော၊ ဘာတွေရော ကြည့်မယ်ဆိုရင်- နောက်တစ်ခုက စီးပွားရေးအနေအထားအရ ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ထက် အများကြီးသာတယ်ဗျာ။ အဲဒီအခြေအနေတွေကတော့ ကြီးကြီးမားမား ကွာဟချက်အနေနဲ့ ကျနော်တို့တွေ့တယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ရလိုက်တဲ့ဟာက ဘာလဲဆိုတော့ ကွန်မြူနတီ နှစ်ခုကို ချိတ်ဆက်ပေးတဲ့နေရာမှာ လူငယ်တွေကနေစပြီးတော့ ပြုစုပျိုးထောင်ပေးသွားတယ်ဆိုတဲ့အချက်တွေ၊ အရမ်းကောင်းတဲ့အချက်ကတော့ အတိတ်ကိုမေ့ပစ်လို့မရဘူး၊ ဒါပေမဲ့ အတိတ်ရဲ့ ဖိစီးမှုကိုလည်း မခံရစေနဲ့ဆိုတဲ့ ဆိုရိုးမျိုးပေါ့ဗျာ။ အဲဒါတော့ သိပ်ကောင်းတယ်ဗျ။ အတိတ်ဆိုတာက ကျနော်တို့က မေ့လို့မရဘူးဗျ။ အတိတ်ကိုမေ့ပြီးတော့မှ National Reconciliation ကိုလုပ်မယ်ဆိုတဲ့ဟာက သိပ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာ ကျနော်တို့ သွားတွေ့တယ်။ ဒါတွေက စနစ်ကျမှုပိုင်းမှာတော့ ကျနော်တို့နဲ့ အများကြီးကွာဟနေတာကို သွားတွေ့တယ်ဗျ။ နောက်တစ်ခုက လူသားကို တန်ဖိုးထားမှု အပိုင်းမှာလည်း အရမ်းကိုကွာတယ်ပေါ့နော်။ အဲဒါတွေကတော့ ကျနော်တို့အတွက် ကြီးကြီးမားမားယူရမယ့် သင်ခန်းစာတွေပဲလို့ ကျနော်ထင်တယ်ဗျ။”

ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်အုပ်ချုပ်ရေးစနစ်အောက် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အနေအထားအရ - ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးမျိုး တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် - ကကြီးကနေပြန်စရမှာဖြစ်ပြီး - ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ ကြားခံအဖွဲ့အစည်း ဆိုတာ လိုအပ်တယ်လို့လည်း ကိုမြအေး က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် အစိုးရက ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင်တွေ ရှိဖို့လည်း လိုအပ်တယ် ဆိုတာကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“တချို့ တချို့အပိုင်းမှာ ကျနော်တို့က တွေးခေါ်ပုံတွေးခေါ်နည်းက တဘက်ဆိုဒ်ကပဲ တွေးတတ်တယ်။ ဒါကတော့ ကျနော်တို့ရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံအရ ပြောတာပေါ့။ အာဏာပိုင်အဖွဲ့အစည်းအရပဲဖြစ်ဖြစ်၊ သူက လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ပေါ့ဗျာ။ ကျူးလွန်လို့ သူ့ကို ပြစ်မှုအရ အရေးယူလိုက်တယ်၊ ထောင်ချလိုက်တယ်၊ ဒါကတပိုင်းပဲ-တဲ့။ သူထောင်ကျသွားတဲ့အခါ ထောင်ထဲမှာတော့ လူသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဖို့ဆိုတာကတော့ လူသားဆိုတဲ့နေရာကပဲ ချဉ်းကပ်တယ်ဗျာ။ အဲဒီနေရာမှာတော့ ဖြူတာတွေ၊ မည်းတာတွေ၊ နီတာတွေ၊ ဝါတာတွေ မရှိဘူးပေါ့နော်။ အဲဒါတွေကတော့ ကျနော်တို့အတွက် ကောင်းတဲ့အတွေ့အကြုံတစ်ခုပဲလို့ မြင်တယ်လေ။ ဒီဟာမျိုးတွေနဲ့ ကျနော်တို့မှာ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်တွေ ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံအတွက် အရမ်းကောင်းတာပေါ့ဗျာ။ လွတ်လပ်တဲ့လူ့အခွင့်အရေး ကော်မရှင်ဆိုတဲ့အခါမှာလည်း အစိုးရက ဝင်ရောက်စွက်ဖက်မှု မရှိဘဲနဲ့ ထောက်ပံ့မှုသက်သက်ပေးတဲ့ လူ့အခွင့်အရေးကော်မရှင်တွေ ဖြစ်တာကို တွေ့တယ်ဗျ။ အဲဒါတွေကတော့ အတွေ့အကြုံ အများကြီး ရတာပါပဲ။ အဲဒီက။”

၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ ၂ ရက်ကြာ သူတို့ရဲ့ မြောက်ပိုင်းအိုင်ယာလန်ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်ပြီး မကြာခင်မှာ လန်ဒန်ကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့မှာတော့ လန်ဒန်မှာရှိတဲ့ မြန်မာမိသားစုတွေ နဲ့လည်း တွေ့ဆုံဖို့ရှိသလို၊ ရန်ကုန်ကို ပြန်လည်မထွက်ခွာခင် ဗြိတိန်အစိုးရတာဝန်ရှိသူတွေလည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုကျော်ကျော်ထွေး၊ မမီးမီး နဲ့ မနီလာသိန်းတို့ ပါဝင်တယ်လို့ သိရပါတယ်ရှင်။
XS
SM
MD
LG