သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင် စခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး


မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ (ရခိုင်ပြည်နယ် မောင်တောဒေသ)
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ (ရခိုင်ပြည်နယ် မောင်တောဒေသ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စခန်းမှူး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။ မူးယစ်ဆေးဝါး သတင်းပေးချက် အရ သွားရောက်တဲ့ ခရီးစဉ် အတွင်း ပစ်ခတ်ခံရတာလို့ ဒေသခံ အသိုင်းအဝိုင်းကြား ပြောဆိုနေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် စခန်းမှူး ဦးသိန်းရွှေ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးကြောင်း အာဏာပိုင်တို့ အတည်ပြုထားပါတယ်။ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ စခန်းမှူး ဦးသိန်းရွှေရဲ့ ရုပ်အလောင်းကို ရသေ့တောင်ကို ပြန်လည် ယူဆောင်မယ်လို့လည်း ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူးထံက သိရှိထားရကြောင်း ရသေ့တောင် လွှတ်တော် အမတ် ဒေါ်ခင်စောဝေက ဗွီအိုအေကို ပြောပါတယ်။

" ကျမလည်း အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်မေးကြည့်ပါတယ်။ သူပြောတာကတော့ အကြမ်းအားဖြင့် လောလောဆယ်ကျနော်တို့ စုံစမ်းနေတယ်၊ အလောင်းကိုတော့ ရသေ့တောင်ကို ယူလာမှာပါဆိုပြီးတော့ ကျမကို ပြောပါတယ်။"

သေဆုံးသွားတဲ့ စခန်းမှူး ဦးသိန်းရွှေက အခု အပစ်ခံရတယ်ဆိုတဲ့ ရေဆိုးချောင်း ဇာတိဖွား ဖြစ်ပြီး ရခိုင်တိုင်းရင်းသား တဦး ဖြစ်တယ်လို့လည်း လွှတ်တော် အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြည်ထောင်စု၊ ပြည်နယ် အစိုးရ တာဝန်ရှိသူတွေ၊ ဒေသန္တရ အုပ်ချုပ်ရေးမှူးတို့ကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားမှု မရခဲ့ပါဘူး။ ရသေ့တောင် လွှတ်တော် အမတ် ဒေါ်ခင်စောဝေကတော့ ကြားထားသလောက် အခြေအနေကို အခုလို ပြောပြပါတယ်။

" ကျမတို့ အကြမ်းအားဖြင့်သိရတာကတော့ သူတို့က ရသေ့တောင်မြို့နယ်မှာ ရှိနေတယ်။ အဲဒီအချိန်မှာ ကားလမ်းကိုဖြတ်ပြီးတော့ မူးယစ်ဆေးဝါးတွေ ဖမ်းဖို့ သတင်းပေးတယ်လို့ ပြောပါတယ်။ အဲတော့ သူနဲ့အတူ SP ကအရာရှိတယောက်ရယ်၊ တပ်ကြပ်ကြီး တယောက်ရယ် သုံးရောက်ကနေပြီးတော့ ရေဆိုးချောင်း ကားလမ်းကို လိုက်သွားကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဆေးဝါးကို တွေ့လား၊ မတွေ့ဘူးလား ဆိုတာကတော့ ကျမတို့လည်းအတိအကျ မသရပါဘူး။ ရေဆိုးချောင်းနားမှာပဲ သူ့ကို သေနတ်နဲ့ သုံးချက် ဦးခေါင်းကို ထိထားတဲ့အတွက် ခေါင်းက ကြေမွသွားတယ်ဆိုပြီးတော့ သတင်းတွေ တက်လာပါတယ်။"

ရသေ့တောင်မြို့နယ်မှာ အာဏာပိုင်တွေ ခြိမ်းခြောက် ရန်ပြုခံရတာမျိုးတွေ မကြုံဖူးဘူးလို့လည်း လွှွတ်တော် အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရသေ့တောင် မြို့နယ်တွင်းမှာက ရခိုင်လက်နက်ကိုင် အဖွဲ့ AA နဲ့ မြန်မာ တပ်မတော်ကြား ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့သလို၊ ပြီးခဲ့တဲ့နှစ် သြဂုတ်လ နောက်ပိုင်း ရိုဟင်ဂျာ လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ရခိုင်မြောက်ပိုင်း ဒေသက လုံခြုံရေး စခန်းတွေ အပေါ် တချိန်တည်း တပြိုင်တည်း တိုက်ခိုက်မှုမှာ ရသေ့တောင်က လုံခြုံရေး စခန်းလည်း တိုက်ခိုက်ခံခဲ့ရတာပါ။ လွှတ်တော် အမတ် ဒေါ်ခင်စောဝေကတော့ မောင်တော၊ ဘူးသီးတောင်ကနေ ဘင်္ဂလားဒေရှ့်ဘက်ကို သွားရာ လမ်းမကြီးပေါ်မှာ ရှိတဲ့ ရသေ့တောင်မြို့နယ်မှာ လမ်းမကြီး လုံခြုံရေးကို ကြီးကြပ်ဖို့ လိုနေပြီလို့လည်း ပြောဆိုပါတယ်။

" ပုဏ္ဏကျွန်း-ရသေ့တောင်ကားလမ်း ဖောက်လိုက်တဲ့အခါ အခု ကားတွေကတော်တော်များတယ်။ ရေလမ်းခရီးနဲ့ မသွားတော့ပဲနဲ့ ကားနဲ့ သွားတာပဲများပါတယ်။ အခု စစ်တွေကနေ ပုဏ္ဏကျွန်း၊ ရသေ့တောင် ကနေ ဗူးသီးတောင်- မောင်တော ထိ ကားလမ်းပေါက်သွားတဲ့အချိန်မှာ နဂိုကတည်းကပဲ မူးယစ်ဆေးဝါးတွေက မကြာခဏဖမ်းမိတာ တွေ့ပါတယ်။ သိန်းပေါင်းမြောက်များစွာသော မူးယစ်ဆေးဝါးတွေတောတော ဖမ်းဆီးရမိတယ်ဆိုတာ သိပါတယ်။"

ရသေ့တောင် စခန်းမှူး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရမှု အပြင် ရခိုင်ပြည်နယ်တွင်း အာဏာပိုင်တွေ လုံခြုံရေး တာဝန်ရှိသူတွေ အပေါ် ခြိမ်းခြောက်တိုက်ခိုက်မှုတွေလည်း အရင်က ရှိခဲ့တာပါ။ပြည်နယ် မြို့တော် စစ်တွေက ပြည်နယ် အစိုးရ အတွင်းဝန် ဦးတင်မောင်ဆွေရဲ့ နေအိမ်၊ ပြည်နယ် တရားရုံးနဲ့ မြေစာရင်းရုံးတို့ အနီးမှာ ဗုံးပေါက်ကွဲခဲ့သလို မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်လည်း စစ်တွေမြို့ကို အလာ ပုဏ္ဏာကျွန်းမြို့နယ်တွင်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG