သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်နဲ့ကချင်မှာ စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားတပ်အကြား တိုက်ပွဲများဖြစ်ပွား


ကိုးကန့်စစ်တပ် (ယခင်ပုံဟောင်း)
ကိုးကန့်စစ်တပ် (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား နေ့စဉ်လိုဖြစ်နေတဲ့တိုက်ပွဲတွေ ဒီနေ့ နိုဝင်ဘာ ၂၉ရက်မှာလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ် မိုးမောက်မှာလည်း စစ်ကောင် စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နောက် စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရုတ် မြန်မာနယ်စပ်ဒေသ မူဆယ်မြို့နယ်ရှိကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသတွေမှာ ဇူလိုင်လဆန်းတည်းက စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် တပ်အကြားမှာ တိုက်ပွဲတွေစတင်ခဲ့တာ ဒီကနေ့ထိလည်း ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း အဓိက ဖြစ်ပွားနေတဲ့ နေရာကတော့ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသဘက်ဖြစ်ပြီး ဖောင်းဆိုင်ဒေသဘက်က အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“တိုက်ပွဲက ဒီ ဖောင်းဆိုင်ဘက်မှာပဲ ဖြစ်နေတယ်။ ဒီနေ့လည်း ဖြစ်တာပဲလို့ ပြောပါတယ်။ သေနတ်သံတွေကြားပါတယ်။ အဓိက ဖြစ်နေတာက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွှေး အဲဒီဘက်မှာ။ ၂၂ ရက်နေ့ အဲဒီတည်းက စဖြစ်တာပဲ။ ကျနော်တို့ ရွာဘက် က မဖြစ်ဘူး။ သူတို့ အမြှောက်ဆံနဲ့ ဗုံးတွေကတော့ ရွာပတ်ဝန်းကျင်မှာတော့ အဲလိုလာကျတာပေါ့။ တခါလေလမှ လာကျတာပါ။”

မုံးကိုးဒေသခံတဦးကလည်း တနင်္ဂနွေနေ့က မုံးကိုးမြို့တောင်ဘက် နမ့်ဟာရွာဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရကြောင်းနဲ့ မုံးကိုး ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေကြောင်း ပြောပါတယ်။

“မနေ့ကတော့ နမ့်ဟာရွာအပေါ်ဘက်မှာ ကြားတော့ ကြားတယ်။ သေနတ်သံတော့ ကြားတယ်။ လက်နက်ကြီးရော၊ လက်နက်သေးတွေရောကြားတာပေ့ါ။ သူတို့ ဒီဗျူဟာကုန်းကနေ ပစ်တော့ ပစ်တာပေါ့။ မနေ့က သူတို့ ၁၀ လုံးကျော်ကျော်လောက်ပစ်တယ်။ ဒါပေမဲ့ ဘယ်မှာသွားကျလည်း ကျနော်တို့ မသိဘူးဗျ။”

MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ နိုဝင်ဘာ ၂၆ ရက်နေ့ က စစ်ကောင်စီတပ်ဘက်က မုံးကိုးဒေသမှာ စစ်အင်အားတိုးချဲ့လာခဲ့ကြောင်း၊ ၂၇ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ရဲ့ ချင်ချိုင့်ထန်တပ်စခန်းကို တနေ့တည်း ၃ ကြိမ် ထိုးစစ်ဆင် တိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ကိုးကန့်တပ်ဖွဲ့ရဲ့ မန့်ယန်တပ်နဲ့ ရှိကျိကျ တပ်စခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဗန်းမော်ကနေ လာတဲ့ စစ်ကောင်စီတပ်ကို မိုးမောက်မြို့အနီး KIA က မိုင်းခွဲ တိုက် ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ စစ်ရေးတင်းမာမှုတွေရှိနေကြောင်း မိုးမောက်ဒေသခံတဦးက ပြောပါတယ်။

“မနေ့က နေ့လည် မွန်းလွဲပိုင်းလောက်မှာ မိုးမောက်မြို့ကို ဝင်တာပေါ့ဗျာ။ ကြံခင်း ရွာအထွက်နား၊ မိုင်းကွဲတော့ တပ်က လမ်းဘေးတွေ လျှောက်ပစ်တာတွေ ရှိတာပေ့ါနော်။ အဲဒီမှာ အရပ်သား တယောက်တော့ ထိသွားတယ်လို့ ကြားတယ်။ Tension တွေတော့များ တာပေါ့ဗျာ။ အဲဒီနားမှာ နောင်ပေါင်းရွာဆိုတာ မြို့လည်ခေါင် ဈေးနဲ့မှ တမိုင်ကျော်ကျော်လောက်ပဲ ဝေးတဲ့နေရာ။ အဲဒီသင်္ချိုင်းကုန်းမှာ KIA ဘက်က ကတုတ်ကျင်းတွေ လာတူးထားတယ်ဆိုတော့ ဒါ တိုက်ပွဲက ပြင်းထန်လာမယ့် အနေအထားတော့ ရှိနေတာပေါ့နော်။”

အခြားဒေသခံတဦးကတော့ မိုးမောက်မြို့ပတ်ဝန်းကျင်မှာ KIA တပ်ဖွဲ့ဝင်တွေလှုပ်ရှားနေတာကြောင့် နှစ်ဘက်အခြေအနေက တင်းမာနေကြောင်းနဲ့ ဒီကနေ့တော့ ဈေးတွေလည်း ပိတ်ထားကြောင်း ပြောပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိုးမောက်ဘက်မှာ တိုက်ပွဲဖြစ် ပွားတာကြားသိရပေမဲ့ အသေးစိတ် အခြေအနေ မသိရကြောင်း ပြောပါတယ်။

“ဗန်းမော်၊ မိုးမောက်ဘက်မှာ တိုက်ပွဲလေး ဖြစ်တယ်ဆိုတာလောက်ပဲ ကြားပါတယ်။ တခြားတော့ ဘာမှ မကြားဘူးခင်ဗျ။”

KNG ခေါ် ကချင်သတင်းဌာနက တနင်္ဂနွေနေ့ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်က မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ဘက်ကို ပစ်ခတ်တာကြောင့် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းဝင်းနဲ့ ဧဒင်စစ်ရှောင်စခန်းအတွင်း လက်နက်ကြီး ထိမှန်ကြောင်း ဖော်ပြထားပါတယ်။ ဒီလက်နက်ကြီးပစ်ခတ်တဲ့ သတင်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။

တိုက်ရိုက် လင့်ခ်


===============

{{Unicode}}
















#MyanmarMilitary #MyanmarViolence #KachinFighting #ShanFighting #VOABurmese


===============

XS
SM
MD
LG