သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မဟာမိတ် (၃) ဖွဲ့ ငြိမ်းလုပ်ငန်းစဉ်ပါဝင်ရေး ငြိမ်းကော်မရှင်နဲ့ ညှိနှိုင်းနေဆဲ


NCA Ethinc Armed Group Meeting
NCA Ethinc Armed Group Meeting

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ဟာ တရုတ်နိုင်ငံမှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်ရေးအတွက် ဆွေးနွေးခဲ့ပေမယ့် အခုထိ ညှိနှိုင်းနေဆဲရှိပါသေးတယ်။ တချိန်တည်းမှာပဲ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ရခိုင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ TNLA ခေါ် တအန်း (ပလောင်) တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွ့ဲနဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တို့အကြား နောက်ဆုံး တွေ့ဆုံခဲ့တာ အခုဆိုရင် တလပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီနောက်ဆုံးတွေ့ဆုံချိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ပါဝင်ရေးနဲ့ ပတ် သက်ပြီး သဘောထားကြေညာချက်တစောင်ထုတ်ပြန်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ရေးဟာ စကားလုံးညှိနှိုင်းနေဆဲရှိကြောင်း တအန်းတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

“ဒီသဘောတူညီမှုကတော့ ဟိုးအရင် ဒီအစိုးရသစ်စတက်ကတည်းက အဲဒီမှာ ကျနော်တို့ ဆွေးနွေး ခဲ့တယ်။ ဆွေးနွေးပြီးမှ ထုတ်ပြန်ချက်တစောင်ထုတ်ဖို့ ဆိုပြီးတော့မှ အဲဒီမှာ စကားလုံးမရတဲ့အခါ အဲဒီမှာ ရပ်သွားတာ ပေါ့။ အခုလည်း ထပ်မံတွေ့ဆုံတဲ့အခါကျတော့ အဲဒီထုတ်ပြန်ကြေညာချက်က ပြန်ပြီး ပါလာတယ်။ အဲဒီမှာ စကားလုံးက တခါပြန်ပြီး ညှိနှိုင်းနေတုံးရှိနေတယ်။”

၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဆွေးနွေးစဉ်က အစိုးရဘက်က လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့် လွှတ်ကြောင်း ဖော်ပြဖို့ တောင်းဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းလိုကြောင်း ထုတ်ပြန်ဖို့ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှုမရခဲ့ကြတာ ဖြစ်ပါတယ်။

လောလောဆယ်မှာလည်း ဒီလို ညှိနှိုင်းနေစဉ်ကာလအတွင်းမှာ တအန်း (ပလောင်)၊ AA နဲ့ အစိုးရ တပ် အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အစိုးရတပ်မတော်နဲ့ တအန်းတပ်ဖွဲ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ဗိုလ်မှူး တာအိုက်ကျော် က အခုလို ပြောပါတယ်။

“မနေ့က တိုက်ပွဲက မန်တုံမြို့နယ် မြောက်ဘက်က ဝိန်းဘတ်ကျေးရွာအနီးမှာဖြစ်တယ်။ နာရီဝက် ကျော် တနာရီ နီးပါးပေါ့။ မနေ့က အဲဒီတနေရာပဲ ဖြစ်တယ်။ ၂၈ ရက်နေ့ကတော့ နမ္မတူဘက်မှာ တနေရာဖြစ်တယ်။ မန်တုံမြို့နယ် စောစောကပြောတဲ့ ဝိန်းဘတ်အနီးမှာ တနေရာဖြစ်တယ်။”

ဒီတိုက်ပွဲတွေအတွင်းမှာ တအန်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာမရှိကြောင်းနဲ့ အစိုးရတပ်ဘက် ကတော့ မသိရကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ ရခိုင်ပြည်နယ်ဘက်မှာလည်း AA ခေါ် ရခိုင် တပ်ဖွဲ့နဲ့ အစိုးရတပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“တိုက်ပွဲကတော့ ဒီမနေ့က ၂၉ ရက်နေ့မှာ တိုက်ပွဲက ဒီဘူးသီးတောင်မြို့နယ်ထဲမှာ ဖြစ်တယ်ဗျ။ ဘူးသီးတောင် မြို့နယ်ရဲ့အထက်ပိုင်း နဟန်းရွာနဲ့ ဝါးနက်ရုံကြားမှာ တိုက်ပွဲက မနက် ၁၁ နာရီ ၄၀ ကနေ စပြီးဖြစ်တာ ညနေ ၅ နာရီထိ ဖြစ်တယ်ဗျ။ အဲဒီဗမာ့တပ်မတော်ဘက်ကနေ ရခိုင်တပ်မတော် အခြေပြုထားတဲ့ ဒေသထဲကို အင်အား အလုံးအရင်းနဲ့ ဒီ ထိုးစစ်ဆင်တာဗျ။ ဆိုတော့ အဲဒီမှာ တိုက်ပွဲ က တော်တော်ပြင်းပြင်းထန်ထန် ဖြစ်တယ်။”

ဒီတိုက်ပွဲမှာ အစိုးရတပ်မတော်ဘက်က အထိအခိုက်အကျဆုံးရှိသလို AA ဘက်မှာလည်း ထိခိုက် ဒဏ်ရာရတာ ရှိကြောင်း နဲ့ နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲကတော့ ဒီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ အောက်တိုဘာလကုန်က တရုတ် နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံစဉ်က ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူထားကြပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ဆုံမယ်လို့ သတ်မှတ်ထားတာ မရှိသေးကြောင်းနဲ့ ဒီရက်ပိုင်းအထိ ကမ်းလှမ်းထားတာ မရှိသေးပါဘူး။

လက်ရှိ မြောက်ပိုင်းအဖွဲ့တွေနဲ့ ညှိနှိုင်းနေတဲ့ အခြေအနေကို မေးမြန်းနိုင်ဖို့ ငြိမ်းချမ်းရေး ကော်မရှင် ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တချိန်တည်းမှာတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာလည်း ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ တပ်မတော် တခုတည်း ဖြစ်ရေးဆိုတဲ့ ကိစ္စရပ်တွေမှာ ညှိနှိုင်းနေပြီး နောက်တကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံအစည်းအဝေး မူလ သဘောတူထားတဲ့အတိုင်း ဒီနှစ်အတွင်းမှာ ကျင်းပနိုင်ဖို့ဟာ အလားအလာနည်းပါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG