[[Zawgyi/Unicode]]
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစင်းကို ဒီနေ့ ကြာသပတေးနေ့မှာ စမ်းသပ်ပစ်လွှတ်လိုက်ပုံရတယ်လို ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတွေက ပြောလိုက်ပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကစပြီး မြောက်ကိုရီးယားအစိုးရဘက် က တာဝေးပစ်ဒုံးကျည်တစင်း ပထမဆုံးအကြိမ် ပစ်လွှတ်လိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒီဒုံးကျည်ဟာ မိနစ် ၇၀ ကြာ ပျံသန်းခဲ့ပြီး ဂျပန်မြောက်ပိုင်းက Aomori ခရိုင်အနောက်ဘက် ကီလိုမီတာ ၁၇၀ အကွာမှာရှိတဲ့ ဂျပန်ပင်လယ်ထဲက အထူးစီးပွားရေးဇုန်ထဲကို ကျခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီဒုံးကျည်ဟာ ကီလိုမီတာ ၆,၀၀၀ အမြင့်ကနေ စုစုပေါင်းအကွာအဝေး ကီလိုမီတာ ၁,၁၀၀ လောက်အထိ ရောက်ခဲ့ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အသစ် တမျိုးဖြစ်ပုံရတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ မြောက်ကိုရီးယားဘက်က အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်လိုက်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ လိုက်ပြီး ဒါဟာ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်တာတွေကို မြောက်ကိုရီးယားက သူတို့ဘာသာ သူတို့ တရားဝင်ဆိုင်းငံ့ထားတာကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ အရေးပေါ်ကျင်းပတဲ့ တောင်ကိုရီးယား လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အာခံတဲ့အနေနဲ့ ဘယ်တုန်းကမှ မကြုံဖူးလောက်အောင်ကို အခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု ၁၂ ကြိမ် တိုင်တိုင်လုပ်ဆောင်ခဲ့ပြီး အဲဒီထဲမှာ အခုနောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ကတော့ ၂၀၁၇ နောက်ပိုင်း အင်အားအပြင်းဆုံး ဒုံးကျည်ဖြစ်ပါတယ်။
============
[[Unicode]]
================