[[Zawgyi/Unicode]]
မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့အပေါ် ကိုယ်ပိုင်စနစ်တွေနဲ့ တုံ့ပြန်ထိန်းချုပ်ဖို့စီစဉ်နေပါတယ်။ ဧပြီအစောပိုင်းကတည်းက မြောက်ကိုရီးယားမှာ အနည်းဆုံး ၁.၇ သန်းကျော် ဖျားနာနေတာပါ။
နိုင်ငံ့လူဦးရေ ၂၆ သန်းနီးပါး အခုထိ ကာကွယ်ဆေးမထိုးရသေးပါဘူး။ ရောဂါစစ်ဆေးမှုတွေကျယ် ကျယ်ပြန့်ပြန့်မလုပ်နိုင်သေးတဲ့ကြား ဒီကနေ့ နောက်ထပ်ဖျားနာသူ ၂ သိန်း ၃ သောင်းကျော်ရှိတယ်လို့ နိုင်ငံပိုင် KCNA သတင်းက ပြည်နယ် အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေးဌာနချုပ်ကို ကိုးကားပြောဆိုပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်မျိုးကွဲ အိုမီခရွန်ကူးစက်ပျံ့နှံ့နေပြီး ပထမဆုံး ကိုဗစ်ကြောင့် သေဆုံးတဲ့သူရှိတဲ့အကြောင်း မေလ ၁၃ ရက်နေ့က အတည်ပြုခဲ့တာပါ။ အခုထိ ကိုဗစ်နဲ့ သေဆုံးသူ ၆၂ ယောက်ရှိပါတယ်။ ရောဂါထိန်းချုပ်ဖို့ အသေးစိတ်ကာကွယ်ရေး အစီအမံတွေကို အကောင်အထည် ဖော် ဆောင်ရွက်နေတယ်လို့လည်း KCNA သတင်းက ပြောပါတယ်။
ကပ်ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှု အားနည်းနေတဲ့အပေါ် ခေါင်းဆောင် Kim Jong Un က တာဝန်ရှိသူတွေကို အင်္ဂါနေ့က ပြစ်တင်ပြောဆိုခဲ့ပြီးတဲ့နောက် အဓိက ကူးစက်မှုတွေဖြစ်နေတဲ့ မြို့တော်ပြုံယမ်းမှာ စစ်ဘက်ဝန်ထမ်း ၃,၀၀၀ ကျော်က ရာနဲ့ချီတဲ့ဆေးဆိုင်တွေကို ၂၄ နာရီဝန်ဆောင်မှုစနစ်နဲ့ ဆေးဝါးတွေပေးပို့နေပါတယ်။ အခြားမြို့တွေနဲ့ ပြည်နယ်တွေက ဝေးလံခေါင်သီတဲ့ဒေသတွေထိ ဆေးဝါးတွေ ထောက်ပံ့ပေးပို့ကိုလည်း အကြီးတန်းအရာရှိတွေကို တာဝန်ပေးထားပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနက ဆရာတွေ၊ ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေ လူပေါင်း ၁.၄ သန်းကျော်ကို စစ်ဆေးကုသပေးနေပြီးတော့ ရောဂါကူးစက်မှုတိုက်ဖျက်ရေး အဖွဲ့ ၅၀၀ လောက်နဲ့ ရောဂါရှာဖွေကုသမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။ လူနာတွေကို ရောဂါကူးစက်မှု ရှိ၊ မရှိ ဘယ်လို ရှာဖွေအတည်ပြုတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
================
[[Unicode]]
================