သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် သတင်းထွက်


SSA-RCSS
SSA-RCSS

မြန်မာအစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ တွေ အပါအဝင် ရှမ်းပြည်နယ်ထဲမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေ ပူးတွဲစစ်ရေး လေ့ကျင့်ဖို့ ပြင်ဆင်နေကြောင်း တောင်ပိုင်းရှမ်းပြည် တပ်မတော် (RCSS) ဘက်ကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီသတင်းမမှန်ကြောင်း ရှမ်းပြည် နယ် မှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က ပြောဆိုခဲ့ကြသလို မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအပေါ်မှာလည်း သံသယရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

SSPP/SSA ခေါ်ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ မြောက်ပိုင်းမဟာမိတ် စုပေါင်း (၅) ဖွဲ့တို့ဟာ နမ္မတူမြို့နယ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေကြောင်း တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/ SSA ဗဟိုဌာနချုပ်က ထိန်းချုပ်ဝါဒဖြန့်နေတဲ့ www.taifreedom.com နဲ့ Facebook စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတာပါ။

RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦးကတော့ အောက်ခြေအဖွဲ့တွေက တင်ပြလာ တာတွေ ကို အခြေခံ ထုတ်ပြန်ထားတဲ့ သတင်းဖြစ်ကြောင်း ပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ပြင်ဆင်နေကြောင်း RCSS ရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်နေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေက တရားဝင် တုံ့ပြန်တာ မတွေ့ရ သေးပေမဲ့ မဟာမိတ်အဖွဲ့ဝင် ဖြစ်တဲ့ TNLA ကတော့ ဒီသီတင်းဟာ မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

“သူတို့တင်တဲ့သတင်းက မြေပြင်ကအခြေအနေသူတို့ရရှိတဲ့သတင်းတွေ သူတို့က အဲဒီလို တင်ပါတယ်။ ခိုင်မာမှု ရှိမယ်လို့ ကျနော် မြင်ပါတယ်။ ဘာလို့ဆိုတော့ သူတို့အဲဒီဘက်မှာ သူတို့က စစ်ရေးလှုပ်ရှားမှုတွေရှိတယ်။ စစ်ရေးလှုပ်ရှားမှုလည်း သူတို့လုပ်နေတယ်။ အဲဒီဘက်မှာလည်း သူတို့တကယ်ရှိနေတယ်။”

ဇူလိုင်လ (၁၂) ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ UWSA KIO ကချင်လွတ်လပ်ရေးအဖွဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA တအာင်းပလောင်တပ်ဖွဲ့ TNLA ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကနေ ရှမ်းပြည် နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ဖါဆွမ်ကျေးရွာအုပ်စု ပန်လောက် ကျေးရွာ အရှေ့တောင် ဘက်မှာရှိတဲ့ နောင်ကောက်လုဒေသမှာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ပြင်ဆင်နေတယ်လို့ ရေးသားဖေါ်ပြထားပါတယ်။

ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်ရေးလုပ်ဆောင်မယ်ဆိုရင် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက် နိုင်တယ်လို့ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“သူတို့ကဒါမျိုးပူးတွဲပြီးစစ်ရေးလေ့ကျင့်တာနော်။ ကျနော်တို့ ဒီရှမ်းပြည်မှာမရှိခဲ့ဘူးပေါ့နော်။ အဲဒီလိုရှိခဲ့တယ် ဆိုရင်လည်း စစ်ရေးပြင်ဆင်မှုတွေက တိုက်ပွဲတွေပိုဖြစ်လာဖို့ အခြေ အနေ ပိုရှိတယ်လို့ ကျနော်တို့မြင်လာတော့ ငြိမ်းချမ်းရေးအတွက်လည်း အနည်းနဲ့ အများတော့ ထိခိုက်မှာပဲလေ။ အထူးသဖြင့်တော့ပြည်သူလူထုပေါ့နော်။ စစ်ဘေး စစ် ဒဏ်တွေသူတို့ကခံကြရမှာပေါ့နော်။”

ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ပြင်ဆင်နေကြောင်း RCSS ရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်နေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေက တရားဝင် တုံ့ပြန်တာ မတွေ့ရ သေးပေမယ့် မဟာမိတ်အဖွဲ့ဝင် ဖြစ်တဲ့ TNLA ကတော့ ဒီသီတင်းဟာ မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

“မဖြစ်နိုင်တဲ့ကိစ္စပေါ့နော်။ တော်လှန်ရေးကာလမှာ ပူးတွဲစစ်လေ့ကျင့်ရေးပြုလုပ်တာ ကျနော်တို့မဟာမိတ် တွေက တယောက်တနယ်ဆီ အဲဒီလိုဖြစ်နေတယ်။ သူတို့နဲ့ မြန်မာ့ တပ်မတော်နဲ့တိုက်ပွဲဖြစ်တော့ ကျနော်တို့ဘက်မှာ စစ်ရေးဖိအားပိုများအောင် တဘက် လှည့်နဲ့ အဲဒီလိုမျိုးလုပ်တာလား ကျနော်တို့တော့မပြောတတ်ဘူး။ ဘာမှ အခြေ အမြစ်မရှိတဲ့ သတင်းတွေ လျှောက်တင်ထားတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ပြင်ဆင်နေတယ်လို့ RCSS ရဲ့ ဖေ့ဘွတ်နဲ့ဝက်ဆိုက် အတွင်း ဖေါ်ပြချက်ဟာ မဟုတ်မမှန်တဲ့သတင်း အပြစ်ဖို့ ဝါဒ ဖြန့်နေ ခြင်းမျိုးဖြစ်ပြီး အပြုသဘောမဆောင်ဘဲ အဖျက် လုပ်ငန်းများသာဖြစ်လို့ မြောက်ပိုင်း ရှမ်း ပြည်တပ်မတော် SSPP/SSA ကလည်း ကန့်ကွက်ခဲ့ပါတယ်။

ယခုလိုနိုင်ငံတော်အစိုးရကနေ ကြီးမှူးကျင်းပနေတဲ့ တတိယအကြိမ် (၂၁) ပင်လုံညီလာခံ ကြီးကို တက်ရောက် နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအတွက် အကျပ်ရိုက်စေဖို့နဲ့ ညီလာခံကြီးကို တမင်သက်သက် ဖန်တီး တိုက်ခိုက်ဖျက်စီးရာရောက်တယ် လို့ ထုတ်ပြန် ထားပါတယ်။

ဒီလိုမဟုတ်မမှန်လုပ်ကြံသည့်ဝါဒဖြန့်သတင်းမျိုးဟာ SSPP/SSA နဲ့ RCSS အကြား သာမက တခြားမြောက်ပိုင်း မဟာမိတ်များအားလုံးနှင့်ရော မြန်မာ့တပ်မတော် အစိုးရနဲ့ပါ ရိုက်ခတ်မှုဖြစ်စေပြီး အချင်းချင်းအကြား ယုံကြည်မှု ပျက်ပြားစေဖို့ လုပ်ကြံရေးသား ဝါဒ ဖြန့်နေခြင်းသာဖြစ်လို့ ဒီသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မိခင်အဖွဲ့ အစည်းမှ တာဝန် ယူရမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီဘက်က ကြေညာချက်ထုတ်ပြန်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG