သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေး၊ ဒိန်းမတ် သံရုံးတွေ မြန်မာနိုင်ငံမှာ ဖွင့်မည်


မြန်မာနိုင်ငံက သံရုံးဖွင့်ပွဲတွေကို နော်ဝေး၀န်ကြီးချုပ် Mr. Jens Stoltenberg (ယာ) နဲ့ ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning Schmidt (ဝဲ)လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သံရုံးဖွင့်ပွဲတွေကို နော်ဝေး၀န်ကြီးချုပ် Mr. Jens Stoltenberg (ယာ) နဲ့ ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning Schmidt (ဝဲ)လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
နော်ဝေးနဲ့ ဒိန်းမတ်ဝန်ကြီးချုပ်တွေ မကြာခင်မှာ မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီးအတွက် သံရုံးတွေ ရန်ကုန်မြို့မှာ ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက် အတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် ကျေနပ် အားရမှုရှိတဲ့အတွက် အခုလို သံရုံးဖွင့်ဖို့ ဆုံးဖြတ်လိုက်တာလို့ နော်ဝေးအစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပြီး ဝန်ကြီးချုပ် ၂ ဦးစလုံးဟာ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နော်ဒစ်လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ်ဒေသက နော်ဝေးနဲ့ ဒိန်းမတ် ၂ နိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ သံရုံးတွေ ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်။ ဒီသံရုံးဖွင့်ပွဲတွေကို နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning Schmidt လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

နော်ဝေး၀န်ကြီးချုပ် မစ္စတာ စတိုလ်တန်ဘာ့ခ်ကတော့ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီးတော့ နိုဝင်ဘာလ ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ သံရုံးဖွင့်လှစ်ပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး ပြန်ကြားရေးအရာရှိ Arvid Samland က ပြောပါတယ်။

“ ဝန်ကြီးချုပ်ဟာ စနေနေ့မှာ နေပြည်တော်ကို ရောက်ပါမယ်။ အဲဒီမှာ သမ္မတ ဦးသိန်းစိန်နဲ့ စနေနေ့ ညနေပိုင်းမှာတွေ့ပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါမယ်။ တနင်္ဂနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကိုသွားပြီး ဒိန်းမတ် ဝန်ကြီးချုပ်နဲ့ အတူ သံရုံးဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။”

နော်ဝေးနဲ့ ဒိန်းမတ်နိုင်ငံတို့ဟာ အဆောက်အဦးတခုထဲမှာ သံရုံးတွေကို အတူတွဲဖွင့်ကြမှာဖြစ်ပါတယ်။ နောက်ပိုင်းကျမှ မြောက်အတ္တလန္တိတ် နိုင်ငံတွေထဲက သံရုံးဖွင့်လိုတဲ့ နိုင်ငံတွေတိုးလာကောင်း တိုးလာနိုင်သလို့ သူတို့အနေနဲ့လည်း သံရုံးတွေကို သီးခြားစီခွဲဖွင့်သွားကောင်း ဖွင့်သွားမယ်လို့ Arvid Samland က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို နော်ဝေးနိုင်ငံအနေနဲ့ အနီးကပ် လေ့လာ စောင့်ကြည့်နေခဲ့တဲ့အကြောင်းလည်း Arvid Samland က ပြောပါတယ်။

“ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် ပြောင်းလဲနေတဲ့ အခြေအနေတွေကို နော်ဝေးနိုင်ငံအနေနဲ့ ကာလအတော်ကြာ စောင့်ကြည့်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ တနှစ်အတွင်း ဖွွံှ့ဖြိုးတိုးတက်မှုတွေဟာ အားရ ကျေနပ်စရာ ကောင်းပါတယ်။ ဒါကြောင့်လည်း နော်ဝေးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သံရုံးဖွင့်ဖို့ ဖြစ်လာတာပါ။”

နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သံတမန် အဆက်အသွယ်တွေ ၁၉၅၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံမှာ သံရုံး ဖွင့်ခဲ့ခြင်း မရှိပါဘူး။ လက်ရှိအခြေအနေမှာတော့ နော်ဝေးနိုင်ငံရဲ့ သံတမန်ရေးရာ ကိစ္စတွေကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိသျှသံရုံးက ဘန်ကောက်မှာရှိတဲ့ နော်ဝေးသံရုံးနဲ့အတူ ပူးတွဲ တာဝန်ယူ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံဟာလည်း မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်တွေ ၁၉၅၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပေမယ့် နော်ဝေးနိုင်ငံနည်းတူ မြန်မာနိုင်ငံမှာ သံရုံး ဖွင့်ခဲ့ခြင်း မရှိပါဘူး။ ဒိန်းမတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးရာ ကိစ္စတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဒိန်းမတ်သံရုံးက တာဝန်ယူ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG