သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေး အကြမ်းဖက် တိုက်ခိုက်သူ ကျူးလွန်ပုံ ပြန်လည်သရုပ်ပြ


နော်ဝေး အကြမ်းဖက် တိုက်ခိုက်သူ ကျူးလွန်ပုံ ပြန်လည်သရုပ်ပြ
နော်ဝေး အကြမ်းဖက် တိုက်ခိုက်သူ ကျူးလွန်ပုံ ပြန်လည်သရုပ်ပြ

နော်ဝေးနိုင်ငံမှာ ပြီးခဲ့တဲ့လက လူပေါင်း ၆၉ ယောက်ကို သတ်ခဲ့ပါတယ်လို့ ဝန်ခံထားသူကို တင်းကျပ်တဲ့ အစာင့်အကြပ်တွေနဲ့ အခင်းဖြစ်ခဲ့ရာ ကျွန်းပေါ်ကို ပြန်ခေါ်သွားခဲ့ရာမှာ ဘယ်လို သတ်ဖြတ်ခဲ့သလဲ ဆိုတဲ့ အသေးစိတ်အချက် အများကြီးကို သူက ပြန်ပြောပြခဲ့တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

အော့စ်လို (Oslo) မြို့တော်ရဲ့ အနောက်မြောက်ဘက် ၂၅ မိုင်လောက်မှာရှိတဲ့ အူတိုယာ (Utoeya) ကျွန်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က လူငယ်တွေကို သူ ဘယ်လိုပစ်ခတ်ခဲ့တယ် ဆိုတာကို ဖြစ်ခဲ့တဲ့ နေရာတွေဆီကို တနင်္ဂနွေနေ့က ပြန်သွားပြီး သေနတ်သမား အန်ဒါးစ် ဘယ်ရင်း ဘရက်ဗစ်ခ် (Anders Behring Breivik) က ရဲကို ပြန်ပြောပြခဲ့တယ်လို့ အစိုးရ အကျိုးဆောင် ပါးလ် ဖရက်ဒစ်ခ် ဟော့တ် (Paal Fredrik Hjort) က ပြောပါတယ်။

၈ နာရီကြာတဲ့ ပြန်လည်သရုပ်ပြမှု အားလုံးကို တရားရုံးမှာ သက်သေအဖြစ် သုံးနိုင်ဖို့ အတွက်လည်း ဗွီဒီယိုမှတ်တမ်း တင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နော်ဝေး သတင်းမီဒီယာတွေမှာ ပြသနေတဲ့ ရုပ်မြင်သံကြား ပုံတွေထဲမှာ အဲဒီကျွန်းဆီကို သူ အရင်စီးသွားခဲ့တဲ့ ကူးတို့သင်္ဘောနဲ့ပဲ တာဝန်ရှိသူတွေနဲ့အတူ ဘရက်ဗစ်ခ်ကို ပြန်ခေါ်သွားတာကို တွေ့ရပါတယ်။ ကျည်ကာအင်္ကျီ ဝတ်ထားတဲ့ ဘရက်ဗစ်ခ်ကို ထွက်ပြေးမသွားနိုင်အောင် ကြိုးနဲ့လည်း ချည်ထားပါတယ်။

သူ ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ နေရာတွေကို ညွှန်ပြနေတာ၊ ရေကူးထွက်ပြေးဖို့ ကြိုးစားကြတဲ့ သူတွေကို ပစ်ခတ်ပုံတွေကို လုပ်ပြနေတာလည်း ရုပ်သံသတင်းတွေထဲမှာ တွေ့ရပါတယ်။

အဲဒီကျွန်းပေါ်မှာ ပစ်ခတ် သတ်ဖြတ်မှုတွေကို မလုပ်ခင် အော့စ်လိုမြို့ထဲမှာ ၈ ယောက် သေဆုံးခဲ့ရတဲ့ အစိုးရရုံး ဗုံးခွဲမှုကိုလည်း လုပ်ခဲ့ပါတယ်လို့ အသက် ၃၂ နှစ်အရွယ် အန်ဒါးစ် ဘယ်ရင်း ဘရက်ဗစ်ခ်က ဝန်ခံထားပါတယ်။

XS
SM
MD
LG