သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေအကြမ်းဖက်မှု လူ ၉၀ ကျော်သေဆုံး


အော်စလိုမြို့က ဗုံးပေါက်ကွဲရာနေရာ (ဇူလိုင်လ ၂၂၊ ၂၀၁၁)
အော်စလိုမြို့က ဗုံးပေါက်ကွဲရာနေရာ (ဇူလိုင်လ ၂၂၊ ၂၀၁၁)

သောကြာနေ့က နွေရာသီလူငယ်စခန်းတခုကို တိုက်ခိုက်မှုမှာ ပတ်သက်တယ်လို့ သံသယရှိခံရတဲ့ ဒုတိယ သေနတ်သမားတယောက်ကို နော်ဝေရဲအဖွဲ့က စုံစမ်းစစ်ဆေးနေကြပါတယ်။ နော်ဝေနိုင်ငံသား ပထမ သေနတ်သမားကို ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားရာ Utoeya ကျွန်းပေါ်မှာ တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ရသူတွေက ဒီကိစ္စမှာ လူ ၂ ဦး ပါဝင်ပတ်သက်တယ်လို့ ပြောကြကြောင်း နိုင်ငံရဲ့သတင်းဌာန NTB ကဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူ ပထမသေနတ်သမားဟာ ရဲတပ်ဖွဲ့ဝင်လို ရဲတပ်ဖွဲ့ အမှတ်တံဆိပ်ပါတဲ့ ဆွယ်တာကို ဝတ်ဆင်ထားတယ်ပေမဲ့ ဒုတိယ သေနတ်သမားကတော့ ရဲတပ်ဖွဲ့ဝင်လို ဝတ်ဆင်မထားပါဘူး။

နော်ဝေနိုင်ငံမှာ အာဏာရ လေဘာပါတီ ရဲ့ နွေရာသီလူငယ်စခန်းမှာ စခန်းဝင်နေတဲ့ ဆယ်ကျော်သက် ရာပေါင်းများစွာထဲက ၈၄ ဦးဟာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုဟာ အော်စလိုမြို့ ဗဟိုအစိုးရအဆောက်အဦးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး နာရီအနည်းငယ် အကြာမှာ ဖြစ်ခဲ့တာပါ။ အော်စလို ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးပြီး သေနတ်သမား တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက် ဖြစ်ရပ်နှစ်ခုကြောင့် စုစုပေါင်း လူ ၉၁ ယောက် သေဆုံးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက နော်ဝေနိုင်ငံမှာ ဒီတိုက်ခိုက်မှုဟာ အဆိုးဆုံးတိုက်ခိုက်မှုတခုဖြစ်ပြီး တမျိုးသားလုံး စိတ်ထိခိုက်ကြေကွဲရတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

အော်စလိုမြောက်ဘက် ၁၈ မိုင်အကွာမှာရှိတဲ့ ကျွန်းငယ်ကို ဝန်းရံထားတဲ့ရေကန်ထဲမှာ ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ထပ်ပြီးရှာနေပါတယ်။ ဗဟိုအစိုးရ အဆောက်အဦးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ သံသယ ရှိသူအဖြစ် ၃၂ နှစ်အရွယ် Anders Behring Breivik ကို သတင်းဌာနတွေက ဖော်ပြကြတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဆယ်ကျော်သက်တွေအပေါ် လူမဆန်တဲ့ တိုက်ခိုက်မှုဟာ နော်ဝေပြည်သူတွေရဲ့ စိတ်လုံခြုံမှုကို ပျက်ပြားအောင် မလုပ်နိုင်ပါဘူးလို့ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ လုံခြုံရေးဟာ နော်ေ၀ လူ့အဖွဲ့အစည်းရဲ့ အဓိက ဒေါက်တိုင်တခုဖြစ်ပြီး သဘာဝကပေးထားတဲ့ လက်ဆောင်အဖြစ် မှတ်ယူခဲ့ကြတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ တိုက်ခိုက်မှုခံခဲ့ရသူတွေရဲ့ အသက်နဲ့ဘဝကို ကယ်တင်ဖို့ အဓိကထား လုပ်သွားမယ်လို့ ဝန်ကြီးချုပ်က အလေးအနက် ပြောပါတယ်။ တိုက်ခိုက်ရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ခုထက်ထိ မဆုံးဖြတ်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG