သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေးတိုက်ခိုက်မှု အောက်မေ့ဘွယ် အခမ်းအနား ဝန်ကြီးချုပ် ဦးဆောင်


ဈာပန အခမ်းအနားအတွင်း နော်ဝေး၀န်ကြီးချုပ် မိန့်ခွန်းပြောနေစဉ်။ ဇူလိုင် ၂၄၊ ၂၀၁၁။
ဈာပန အခမ်းအနားအတွင်း နော်ဝေး၀န်ကြီးချုပ် မိန့်ခွန်းပြောနေစဉ်။ ဇူလိုင် ၂၄၊ ၂၀၁၁။

အများအားဖြင့် အေးအေးချမ်းချမ်းရှိတဲ့ နော်ဝေးနိုင်ငံက အော့စ်လို (Oslo) မြို့တော်မှာ သောကြာနေ့က ပစ်ခတ်မှုနဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် အခုချိန်ထိ သေဆုံးသွားရသူပေါင်း ၉၃ ဦးရဲ့ ဈာပန အခမ်းအနားကို နော်ဝေး ဝန်ကြီးချုပ် ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

သေဆုံးသွားကြသူတွေဟာ သူအပါအဝင် လူအတော်များများနဲ့ သိကျွမ်းပြီး အခု နော်ဝေးနိုင်ငံ တခုလုံးနဲ့ သက်ဆိုင်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာ ဖြစ်တယ်လို့ အော့စ်လိုမြို့တော် ဘုရားရှိခိုးကျောင်းမှာ ကျင်းပတဲ့ ဈာပန အခမ်းအနားကို ပူဆွေးပြီး တက်ရောက်လာသူ ရာပေါင်းများစွာကို ဝန်ကြီးချုပ် ယွန်း စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) က မိန့်ခွန်းပြောသွားပါတယ်။

နော်ဝေးဘုရင် ဟာရယ်လ် (Harald) နဲ့ မိဖုရား ဆွန်ညာ (Sonja) တို့လည်း ဒီဈာပန အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

တောင်ပိုင်း အိုတိုယာ (Utoeya) ကျွန်းမှာ လူတွေ အစုလိုက် အပြုံလိုက် ပစ်ခံရလို့နဲ့ အစောပိုင်းက အော့စ်လိုမြို့တော် အစိုးရရုံးတွေရှိတဲ့ ရပ်ကွက်မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရတာတွေကြောင့် သေဆုံးသွားတဲ့ သူတွေကို ရည်စူးပြီး မျက်ရည်တွေနဲ့ နော်ဝေးနိုင်ငံသားတွေ ပန်းစည်းတွေလာချ၊ ဖယောင်းတိုင်တွေ လာထွန်းခဲ့ကြပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူတဦး တနင်္ဂနွေနေ့က သေဆုံးသွားတာကြောင့် အိုတိုယာကျွန်းပေါ်မှာ သေဆုံးသူ အရေအတွက် ၈၆ ဦးအထိ မြင့်တက်သွားပါပြီ။ ကားဗုံးခွဲမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျွန်းပေါ်မှာ ပစ်ခတ်လို့ ထိန်းသိမ်းခံလိုက်ရတဲ့ ၃၂ နှစ်အရွယ် နော်ဝေးနိုင်ငံသား အမျိုးသားဟာ ဒီတိုက်ခိုက်မှု ၂ ခုစလုံး သူလုပ်ဆောင်တာပါလို့ ဝန်ခံပြီး သူဟာ ဘယ်အပြစ်မှ မကျူးလွန်ပါဘူးလို့ ရဲကို ငြင်းဆိုတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံးနဲ့ တခြား အစိုးရရုံးတွေ ထိခိုက်ပျက်စီးစေတဲ့ ဓာတ်မြေသြဇာဗုံး ထောင်တယ်၊ နောက် အိုတိုယာကျွန်းကို သွားပြီးတော့ လက်ရှိအာဏာရ လေဘာပါတီရဲ့ လူငယ်စခန်းကို ပစ်ခတ်ခဲ့တယ်လို့ အန်ဒါ ဘာရင် ဘရက်ဗစ်ခ် (Anders Behring Breivik) က မသင်္ကာ ဖြစ်ခံရတာ ဖြစ်ပါတယ်။

သေနတ်သမားက ၂ ယောက်လို့ ကျွန်းပေါ်က တချို့ မျက်မြင်သက်သေတွေက ပြောဆိုပေမဲ့ မစ္စတာ ဘရက်ဗစ်ခ်ကတော့ ဒါတွေကို သူတဦးတည်း လုပ်ဆောင်တာပါလို့ ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သဲလွန်စရအောင်လို့ အော့စ်လိုမြို့တော်က အိမ်ငယ်တလုံးကို ရဲက ဝင်ရှာခဲ့ပါတယ်။

သူ့ရဲ့ အပြုအမူဟာ ရက်စက်လွန်းတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ ပြောပြီး တရားရုံးမှာ သူရှင်းပြချင်တယ်လို့ ရှေ့နေက ဆိုပါတယ်။

မစ္စတာ ဘရက်ဗစ်ခ်ကို အကြမ်းဖက်မှုနဲ့ စွဲချင်တင်ထားပြီး တနင်္လာနေ့မှာ ရုံးထုတ်ဖို့ ရှိပါတယ်။

XS
SM
MD
LG