သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ေ၀ အကြမ်းဖက်မှု၂ခု ဆက်တိုက်ဖြစ်ပွား


နော်ေ၀ အကြမ်းဖက်မှု၂ခု ဆက်တိုက်ဖြစ်ပွား
နော်ေ၀ အကြမ်းဖက်မှု၂ခု ဆက်တိုက်ဖြစ်ပွား

ပုံမှန်အားဖြင့် အေးဆေးငြိမ်သက်တဲ့ နော်ဒစ်ပင်လယ်ဒေသ နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ဇူလိုင်လ ၂၂ ရက်နေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးနှစ်လုံးကြောင့် လူ ၇ ဦး သေဆုံးသွားပြီး သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုနဲ့ လည်း နော်ေ၀ အနောက်ဘက် ကမ်းရိုးတန်း အော်စလိုမြို့တော် မြောက်ဘက် ကျွန်းကလေးတကျွန်းပေါ်မှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပြီးတော့ သေဆုံးသူ အရေအတွက် ထပ်ပြီး တိုးလာနိုင်တယ်လို့ နော်ဝေအရာရှိတွေက ပြောကြပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ အော်စလိုမြို့တော်က ဝန်ကြီးချုပ်ရုံး အပါအဝင် အစိုးရ ရုံးချုပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နာရီအနည်းငယ် အကြာမှာတော့ အော်စလိုမြို့မြောက်ဘက် ကျွန်းငယ်လေးပေါ်က လူငယ်တွေရဲ့ တောတွင်းစခန်းချရာ နေရာတနေရာမှာ ရဲအရာရှိဝတ်စုံနဲ့ သေနတ်သမားက ပစ်ခတ်ခဲ့လို့ နောက်ထပ် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။ ဒီနေရာမှာ သေဆုံးသူ အများစုဟာ လူငယ်တွေ ဖြစ်ကြပါတယ်။

ဒီတိုက်ခိုက်မှု နှစ်ခုဟာ အဆက်အစပ်ရှိသလား ဆိုတာ မသိရသေးပါဘူး။ ဘယ်သူဘယ်ဝါ လက်ချက် ဆိုတာကိုလည်း ဘယ်သူကမှ ကြေညာကြခြင်း မရှိသေးပါဘူး။

ဝန်ကြီးချုပ် ယန်စ် စတိုလန်ဘာ့ဂ် (Jens Stoltenberg) ဟာ ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးလို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြီးတော့ အစိုးရအဖွဲ့ ရုံးချုပ်တွေရှိရာ ၁၇ ထပ် အဆောက်အဦးက ပြတင်းတံခါး ရာပေါင်းများစွာဟာ ပျက်စီးသွားခဲ့ပါတယ်။

အနီးအနားက ရုံးတွေရဲ့အထပ်တွေမှာလည်း မီးတွေ လောင်နေပါတယ်။ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အတိုက်အခိုက်ခံရတဲ့ နော်ဝေပြည်သူတွေနဲ့ ကုလသမဂ္ဂက အတူရပ်တည်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG