သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေးအကြမ်းဖက်မှု မသင်္ကာသူ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ


နော်ဝေးအကြမ်းဖက်မှု မသင်္ကာသူ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ
နော်ဝေးအကြမ်းဖက်မှု မသင်္ကာသူ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ

နော်ဝေနိုင်ငံမှာ လူပေါင်း ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ တုန်လှုပ်စရာ ဗုံးခွဲမှုနဲ့ ပစ်ခတ်မှုတွေကိုလုပ်တယ်လို့ မသင်္ကာရသူက ဝန်ခံလိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောကြားပါတယ်။ မသင်္ကာသူ အန်ဒါစ် ဘယ်ရင် ဘရီးဗစ် (Anders Behring Breivik) က သူ့မှာ တာဝန်ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း သူ့ရဲ့ရှေ့နေ ဂီယာ လစ်ပဲစ်တက် (Geir Lippestad) က ပြောတာပါ။ ဒီတိုက်ခိုက်မှုတွေကို ကြိုတင် ပြင်ဆင်ခဲ့ပုံရတယ်လို့လဲ ရှေ့နေက ဖြည့်စွက်ပြောပေမဲ့ ဒီထက်ပိုပြီးတော့ ရှင်းပြခြင်းတော့မရှိခဲ့ပါဘူး။

သောကြာနေ့တုန်းက အော်စလိုမြို့တော်က အစိုးရဌာနချုပ်မှာ ဗုံးပေါက်ကွဲပြီးတော့ ၇ ယောက် သေဆုံးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မြို့တော်နဲ့ မိုင် ၂၀ လောက်မှာရှိတဲ့ ယူတိုယာကျွန်းပေါ်က လူငယ်စခန်းမှာ ဝင်ယောက်ပစ်ခတ်မှုကြောင့် ၈၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ကျွန်းပေါ်တိုက်ခိုက်ခံရမှုမှာ လေးငါးယောက်လောက်လဲ ပျောက်ဆုံးနေတယ်လို့ ရဲ့ ပြောပါတယ်။

အန်ဒါစ် ဘယ်ရင် ဘရီးဗစ် ဟာ ခရစ်ယာန်အစွန်းရောက်တယောက် ဖြစ်ပြီးတော့ သူ့ရဲ့ နိုင်ငံရေးအမြင်တွေဟာ လက်ယာယိမ်းတယ်လို့ ရဲ့ ဖော်ပြပြောဆိုပါတယ်။ မူစလင်မုန်းတီးတဲ့ အရေးအသားတွေကိုလဲ အင်တာနက်ပေါ်မှာ ရေးသားသူဖြစ်တယ်လို့ ရဲကပြောပါတယ်။ နော်ဝေနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံ ရောယှက်နေထိုင်ရေးကို ဆန့်ကျင်သူဖြစ်တယ်လို့လဲ ထပ်ပြီးတော့ ထွက်ပေါ်လာနေတဲ့ သတင်းတွေကပြောပါတယ်။

ကိုယ်ကျိုစီးပွားကိုပဲကြည့်သူ တစ်သိန်းရဲ့အားဟာ ယုံကြည်ချက်ရှိသူတစ်ယောက်ရဲ့ အားနဲ့ညီမျှတယ် ဆိုတဲ့ ဗြိတိန်အတွေးအခေါ် ပညာရှင် ဂျွန်စတီးဝက်မေးလ် ရဲ့အဆိုအမိန့်ကိုလည်း အန်ဒါစ် ဘယ်ရင် ဘရီးဗစ် က သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ မကြာခင်တုန်းကပဲ ရေးသားခဲ့ပါတယ်။ သူဟာ ဓါတ်မြေသြဇာ ၆ တန်ကို ဝယ်ယူခဲ့တယ် ဆိုတာကိုလည်း စနေနေ့က သူ့ကိုရောင်းချခဲ့သူက ထုတ်ဖော်ပြောကြားပါတယ်။

သူဟာ Breivik GeoFarm ဆိုတဲ့ သဘာဝစိုက်ပျိုးခြံကို ကြီးကြပ်လုပ်ကိုင်နေသူလဲ ဖြစ်ပါတယ်။

သူ့လိုစိုက်ပျိုးခြံတခုကနေ ဒီလောက်ပမာဏများတဲ့ ဓါတ်မြေသြဇာတွေ ဝယ်တာဟာ မထူးခြားပေမဲ့ ဗုံးကွဲမှုမှာ မသင်္ကာသူဟာ ဒီလူဖြစ်နေတယ်ဆိုတာကို သိချိန်မှာတော့ ဓါတ်မြေသြဇာ ရောင်းချခဲ့တဲ့ သမဝါယမအသင်းက ရဲကိုအကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

စနေနေ့တုန်းက အစိုးရဌာနချုပ်မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီးကို ဓါတ်မြေသြဇာတွေသုံးပြီး ဖောက်ခွဲခဲ့တာလို့ နော်ဝေသတင်းမီဒီယာကတွေက ပြောပါတယ်။

XS
SM
MD
LG