သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေဒုနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး အကောင်းမြင်


နော်ဝေဒုတိယနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းထောက်များနဲ့ တွေ့ဆုံနေစဉ် (အောက်တိုဘာလ ၈၊ ၂၀၁၁)
နော်ဝေဒုတိယနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းထောက်များနဲ့ တွေ့ဆုံနေစဉ် (အောက်တိုဘာလ ၈၊ ၂၀၁၁)

မကြာခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသာမက တွေ့ဆုံခဲ့တဲ့ မြန်မာအစိုးရ အရာရှိအများစုက နေပြည်တော်မှာ တွေ့ဆုံစဉ် သူ့ကို ပြောကြားခဲ့တယ်လို့ နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်စပင်န် ဘာ့သ် အိုင်ဒဲ (Espen Barth Eide) က ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးခြားပြုလုပ်တဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။ သူ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အောက်တိုဘာလ ၆ ရက်ကနေ ၈ ရက်နေ့အတွေအကြား ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာပြည် ကနေ ပြန်လာပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံကိုရောက်နေတဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်စပင်န် ဘာ့သ် အိုင်ဒဲ ဟာ နေပြည်တော်ကိုသွားပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့ မြန်မာအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာပါ။ သူရဦးရွှေမန်း အပါအဝင် နေပြည်တော်မှာ သူနဲ့တွေ့ဆုံတဲ့ မြန်မာအစိုးရအရာရှိတွေက နိုင်ငံရေးအကျဉ်းသားတွေကို မကြာခင် ရက်ပိုင်းအတွင်း လွတ်ပေးဖို့ရှိတယ်ဆိုတာ ပြောပြခဲ့ကြတယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်စပင်န် ဘာ့သ် အိုင်ဒဲ က ပြောပါတယ်။

“သူရဦးရွှေမန်း အပါအဝင် တခြား မြန်မာအရာရှိတွေ ပြောကြတာကတော့ သူတို့က နိုင်ငံရေး အကျဉ်းသားတွေကို ရက်ပိုင်းအတွင်းမှာ လွတ်ပေးမှာပါတဲ့။ သူတို့အဆိုအရကတော့ ရက်ပိုင်းလို့ပဲ ပြောကြပါတယ်။ အရေအတွက်အရလည်း အတော်လေး များပါလိမ့်မယ်။ သူတို့နဲ့ စကားပြောပြီး ကျနော် နားလည်လိုက်တာကတော့ အားလုံးကို တပြိုင်တည်း လွှတ်မယ့်ပုံတော့ မဟုတ်ပါဘူး။ နှစ်ကြိမ် ခွဲလွှတ်တာမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ နှစ်သုတ်ကလည်း တစ်သုတ်နဲ့တစ်သုတ် ရက်သိပ်ကွာမယ့်ပုံ မဟုတ်ပါဘူး။”

မစ္စတာ အိုက်ဒဲ ဟာ သူရဦးရွှေမန်းနဲ့ နေပြည်တော်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့တာ ဖြစ်ပြီး သူနဲ့တွေ့ဆုံစဉ်က တခြား လွှတ်တော်အမတ်တွေကိုလည်း တပါတည်း တွေ့ခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တွေ့ဆုံစဉ်အတွင်း မြန်မာလွှတ်တော်အမတ်တွေ နော်ဝေးနိုင်ငံက ဒီမိုကရေစီစနစ်ကို လာရောက် လေ့လာရေးအတွက် ကိုယ်စားလှယ် စေလွှတ်ပေးဖို့ သူရဦးရွှေမန်းကို ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

NLD ပါတီအနေနဲ့ မကြာခင်မှာ မှတ်ပုံတင်ပြီး ကြားဖြတ်ရေးကောက်ပွဲဝင်ဖို့ ဖြစ်နိုင်ခြေအလားအလာတွေ ရှိနေတယ်ဆိုတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာရော၊ မြန်မာအစိုးရ အရာရှိတွေနဲ့ စကားပြောကြည့်တဲ့ အခါမှာပါ သူ့အနေနဲ့ ခံစား သိရှိခဲ့ရတယ်လို့ နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

“ကျနော်တွက်ကြည့်ရသလောက်ကတော့ နှစ်ဘက်စလုံးက အပြုသဘောဆောင်တဲ့ အဖြေရနိုင်ဖို့ လိုလိုလားလား ရှိနေကြပါတယ်။ အခုနှစ်ကုန်ပိုင်းလောက်မှာ ကျင်းပမယ်ဆိုတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်လောက်မှာ၊ မကြာခင်မှာ NLD ပါတီ မှတ်ပုံတင်ပြီး ဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုတာကို ကြားကြရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒုနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကနေ ရန်ကုန်ကိုရောက်လာပြီး အောက်တိုဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။

ဒုဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့ညက ရန်ကုန်ကနေ ပြန်လည်ထွက်ခွာလာကြပြီး ထိုင်းနိုင်ငံက တဆင့် အခု အင်ဒိုနီးရှားနိုင်ငံကို ရောက်နေပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးကိစ္စနဲ့ပတ်သက်လို့ အာဆီယံအရာရှိတွေနဲ့ တနင်္လာနေ့မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း ဒုဝန်ကြီးက ဆက်ပြောပါတယ်။

“အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ တခြား ပါလီမန်အမတ်တွေ၊ အာဆီယံ အတွင်းရေးမှူးအဖွဲ့ စတာတွေနဲ့ ကျနော်တွေ့ပါမယ်။ အဲဒီမှာ ကျနော့်ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွေ့အကြုံနဲ့ပတ်သက်ပြီး သူတို့ကို ပြောပြပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အားကောင်းလာအောင် ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေးကြပါမယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ရေးကိစ္စလည်း အဲဒီဆွေးနွေးမှုတွေမှာ သေချာပေါက် ပါဝင်မှာပါ။ ”

နော်ဝေးနိုင်ငံဟာ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့ နောက်ပိုင်းကတည်းက လူသားချင်းစာနာတဲ့ အကူအညီတွေကို ပေးနေခဲ့တာပါ။ နောက်ပိုင်းမှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ စီမံကိန်းတွေအတွက် ကူညီပေးသွားမှာ ဖြစ်တဲ့အပြင် အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ဆိုင်တဲ့ စီးပွားရေးဆိုင်ရာ အကူအညီပေးမယ် ဆိုတာကိုလည်း သူ့ဒီခရီးစဉ်အတွင်းမှာ တရားဝင် ကြေညာခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သစ်တောထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ ကူညီလုပ်ဆောင်ဖို့ မြန်မာသစ်တောဝန်ကြီးနဲ့ ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုသက်သာစေမယ့် ဖွံ့ဖြိုးမှု အစီအစဉ်တွေအတွက် ဆွေးနွေးပွဲတွေ ပြုလုပ်ပေးသွားမယ်လို့လည်း နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ တကယ့်ကိုပဲ အပြုသဘောဆောင်တဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်လို့ မြန်မာပြည်ကို ၃ ရက်ကြာခရီးစဉ်နဲ့ ရောက်လာခဲ့တဲ့ နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ မြန်မာပြည်က လက်ရှိအခြေအနေတွေဟာ ဒီမိုကရေစီကို ဦးတည်တဲ့ အခြေအနေတွေပဲလို့လည်း သူကမြင်ပါတယ်။ စနေနေ့တုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကိုလည်း နော်ေ၀၀န်ကြီးက လာလည်ခဲ့ပြီး အဲဒီမှာ သတင်းသမားတွေက နော်ေ၀ ဒု နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မေးမြန်းခွင့်ရခဲ့ကြပါတယ်။ အဲဒီမှာ ဘာတွေ ပြောခဲ့ကြသလဲ ဆိုတာကို ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်စပင်န် ဘာ့သ် အိုင်ဒဲ ရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ သူ မြန်မာပြည်က ပြန်မထွက်ခင် စနေနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို လာလည်ခဲ့တုန်း သတင်းထောက်တွေကိုပြောတဲ့ အထဲမှာတော့ တိုးတက်ပြောင်းလဲမှုတွေ မြန်မာပြည်မှာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

“အခုလက်ရှိ မြန်မာပြည်ကအခြေအနေတွေထဲက ၂ ချက်ကို ကျနော်ပြောပါ့မယ်။ ပထမအချက်က ပြီးခဲ့တဲ့နှစ်ကစပြီး သိပ်ကိုအပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိဘူး။ ဒါပေမဲ့ လွှတ်တော်ကတော့ ဖြစ်ပေါ်လာခဲ့ပြီ။ ဒီအချက်တွေက ဒီမိုကရေစီကို ဦးတည်ပြီးဖြစ်ပေါ်လာနေတဲ့ ခြေလှမ်းတွေပါပဲ။” - လို့ နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

“သမ္မတဦးသိန်းစိန်ရဲ့ အလေးအနက်ထား ရှုမြင်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးကို ရှေ့ရှုပြီးသွားနေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကျနော်တို့က အသိအမှတ်ပြုပါတယ်။

“ဒီလုပ်ငန်းက ရေရှည်လုပ်ငန်းပါ။ အခုဟာက ဒီခရီးစဉ်ရဲ့ အစပိုင်း အခြေအနေတွေပါ။ မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုတွေ အားလုံး ပါဝင်လှုပ်ရှားခွင့် ရလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အမြင်တွေကို သူတို့အနေနဲ့ တန်းဖိုးထားတယ်လို့လည်း ပြောပါတယ်။ အခုတလော NLD ပါတီ ပြန်ပြီးမှတ်ပုံတင်မယ် ဆိုတဲ့ကိစ္စ သတင်းတွေထွက်နေတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးကြပါတယ်။

“လွှတ်တော်ထဲမှာ သူတို့ကနေပြီးတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ဟာတွေ ကြားနေလို့ အဲဒီဟာတွေပေါ်မှာ အခြေပြုပြီးတော့ ဆွေးနွေးကြတာပါ။ အဲဒီဥပဒေကတောင်မှ ဘာမှ မပြင်အပြုရသေးဘူး။ အန်တီတို့က ဘယ်လို ဆုံးဖြတ်ရမှာလဲ။ CEC နဲ့ ဆုံးဖြတ်ရမှာပါ။ အန်တီတယောက်တည်း ဆုံးဖြတ်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။ အခု နော်ေ၀ ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ထူးခြားချက်တစ်ခုကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မကြာခင်ရက်ပိုင်းတွေ အတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမယ့်ကိစ္စ အကောင်အထည် ပေါ်လာနိုင်မယ်လို့ ပြောဆိုခဲ့တာပါပဲ။ မြန်မာ့အရေး စိတ်ဝင်စားကြသူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကတော့ ဦးရွှေမန်းရဲ့ပြောဆိုချက်ကို ယုံကြည်ဖို့ ခက်နေပါသေးတယ်။ အကျဉ်းသားတွေ ပြန်လွှတ်တယ်ဆိုတာ အရင်တုန်းကလိုပဲ ပြစ်မှုကျူးလွန်သူက များများ နိုင်ငံရေး အကျဉ်းသားက နည်းနည်းပဲ ပြန်လွှတ်ပေးမှာလား။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ်ပဲ ရှေ့ရှုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တောင်းဆိုနေကြသလို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကို ပြန်လွှတ်ပေးမှာလား ဆိုတဲ့မေးခွန်းတွေ၊ သံသယတွေနဲ့အတူ မျှော်လင့်မှုတွေ ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG